ရှီကျင့်ဖိန်သည် အမေရိကန် Mascatine အလယ်တန်းကျောင်း ကိုယ်စားလှယ်အဖွဲ့မှ ကျောင်းသားကျောင်းသူများအား စာပြန်

(GMT+08:00)2024-02-25 15:41:28  

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ် နဂါးနှစ် မုန့်လုံးရေပေါ်ပွဲတော်နေ့တွင် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့သည့် အမေရိကန် Mascatine အလယ်တန်းကျောင်း ကိုယ်စားလှယ်အဖွဲ့မှ ကျောင်းသားကျောင်းသူများအား စာတစ်စောင် ပြန်ပို့ပြီး နှစ်သစ်ကူးနွေဦးပွဲတော် ဂုဏ်ပြုကဒ်ကိုလည်း လက်ဆောင်ပြန်ပို့ခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ယင်းကျောင်းသားကျောင်းသူများနှင့် Mascatine အလယ်တန်းကျောင်းမှ ဆရာ ဆရာမနှင့် ကျောင်းသားကျောင်းသူအားလုံးအား ပွဲတော် ဆုမွန်ကောင်းတောင်းပေးပြီး ပိုမို များပြားသော အမေရိကန် လူငယ်များ တရုတ်နိုင်ငံသို့ လာရောက် ကူးလူးဖလှယ်၊ လေ့လာသင်ယူကြရန် ကြိုဆိုကြောင်း ၎င်းစာတွင် ဖော်ပြထားပါသည်။

  ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်၌ ခရီးလှည့်လည်ခဲ့စဉ်အတွင်း ရှီကျင့်ဖိန်က လာမည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် အမေရိကန် လူငယ် ၅ သောင်း တရုတ်နိုင်ငံသို့ လာရောက် ကူးလူးဖလှယ်၊ လေ့လာသင်ယူရန် ဖိတ်ခေါ်လိုကြောင်း ပြောကြား ခဲ့သည်။ အမေရိကန် ချစ်ကြည်ရေးပုဂ္ဂိုလ် စာရာလန်တီသည် မကြာမီက ရှီကျင့်ဖိန် ထံသို့ စာတစ်စောင်ပေးပို့ပြီး Mascatine အလယ်တန်းကျောင်းက ယင်းစီမံကိန်းတွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယင်းစီမံကိန်း၏ ပထမ အသုတ် တရုတ်ပြည်သို့ ခရီးလှည့်လည်လာသော အမေရိကန် အလယ်တန်း ကျောင်းသားကျောင်းသူများ အနေဖြင့် Mascatine အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၀ ကျော်တို့သည် ဘေကျင်း၊ ဟိုပေနှင့် ရှန်ဟိုင်းမြို့သို့ လာရောက် ခရီးလှည့်လည်ခဲ့ကြသည်။ ဘေကျင်းသို့ ရောက်လာသည့်အခါ ၎င်းတို့သည် ရှီကျင့်ဖိန်အား "ဘဘရှီ တို့လာပြီ" ဟု ရေးသားထားသော ကျောင်းအလံ စသည့် လက်ဆောင်များကို ပေးခဲ့သည်။ ခရီးစဉ်အပြီး ကျောင်းသားကျောင်းသူများသည် ရှီကျင့်ဖိန်အား စာရေးပို့ပြီး တရုတ်ပြည် ခရီးစဉ်အတွက် ဝမ်းမြောက်ဝမ်းသာကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းကို ရေးသား ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။