ဂါဇာဒေသတွင် အပစ်အခတ် ချက်ချင်းရပ်စဲရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများ၏ တစ်ခဲနက်ထောက်ခံသော သဘောတူညီမှု ဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ် ဆို

(GMT+08:00)2024-02-23 15:41:23  

ဖေဖော်ဝါရီလ ၂၂ရက်နေ့က ကျင်းပသော ပါလက်စတိုင်း-အစ္စရေးပြဿနာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း သည် မိန့်ခွန်းပြောကြားရာတွင် ဂါဇာဒေသမှာ အပစ်အခတ် ချက်ချင်းရပ်စဲရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော အသံ ဖြစ်သကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ တစ်ခဲနက်ထောက်ခံသော သဘောတူညီမှုလည်း ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

    ကျန်းကျွင်း က ဂါဇာဒေသတွင် အချင်းပွားမှု ဖြစ်ပွားခဲ့တာ ၄လကျော် ရှိပြီ ဖြစ် ကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် ရာဖာဒေသ အပေါ် တိုက်ခိုက်မှု စီမံကိန်းကို ချက်ချင်း ဖျက်သိမ်းပြီး ပါလက်စတိုင်း ပြည်သူများအား စုပေါင်းအရေးယူမှုကို ရပ်တန့်သင့်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကို တာဆီးရန် နိုင်ငံတကာခုံရုံး၏ ကြားဖြတ်အစီအမံများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် လက်တွေ့ကျဆောင်ရွက်မှုများဖြင့် ဂါဇာဒေသသို့ ဝင်ရောက်နိုင်သော ကြည်း၊ရေ၊လေ လမ်းကြောင်းအားလုံးကို ဖွင့်ပေးပြီး လူသားချင်း စာနာထောက်ထားရေးအဖွဲ့အစည်းများ၏ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးကာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ အဆောက်အအုံများ၏ လုံခြုံရေးကို အာမခံပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ကျန်းကျွင်းက ဂါဇာကမ်းမြောင်သည် ပါလက်စတိုင်း၏ ခွဲ၍မရသောအစိတ်အပိုင်း ဖြစ်ကြောင်း၊ “ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံတည်ရှိရေးမူ”မှာ နိုင်ငံတကာ တရားမျှတမှု ၏ အခြေခံမျဉ်းဖြစ်ပြီး ပါလက်စတိုင်း-အစ္စရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံအား “ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံတည်ရှိရေးမူ” အခြေခံအုတ်မြစ် ဖျက်ဆီးမှုများကို ချက်ချင်းရပ်စဲရန်၊ ပါလက်စတိုင်းပြည်သူများအား အတင်းအဓမ္မ ပြောင်းရွှေ့နေထိုင်စေမှုကို ရပ်စဲရန်၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် ရှာဖွေစစ်ဆေးမှု၊ ဖမ်းဆီးမှုနှင့် အလစ်ဝင် တိုက်ခိုက်မှုများကို ရပ်စဲရန် တိုက်တွန်းကြောင်း၊ ပါလက်စတိုင်း ခံနေရသော သမိုင်းဝင် မမျှတမှုကို ပြုပြင်ရမည် ဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ ဖွဲ့စည်းတည်ထောင်ရန် ဆန္ဒကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အမြန်ဆုံးဖြစ်လာရန် ထောက်ခံကြောင်း၊ ပါလက်စတိုင်းပြဿနာ ကို ဘက်စုံတရားမျှတစွာ ရေရှည် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အတိုင်းအတာ ပိုမိုကြီးမားသော၊ သြဇာလွှမ်းမိုးမှု ပိုမိုရှိသော၊ ထိရောက်မှု ပိုမိုရှိသော နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန် ပန်ကြား ကြောင်း ပြောကြားခဲ့ပါသည်။