ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်ရုံး ဖွဲ့စည်းတည်ထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနားသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2024-02-23 15:40:37  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည် ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ အတွင်းဝန်ရုံး ဖွဲ့စည်းတည်ထောင်ခြင်း အနှစ်၂၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
    ဝမ်ယိ သည် မိန့်ခွန်းပြောကြားရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်ရုံးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ခဲ့ခြင်းကို တန်ဖိုးထားချီးကျူးခဲ့ပါသည်။
    ဝမ်ယိ က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အားလုံး၏ တူညီသောတာဝန် ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ပိုမိုကြီးထွားအောင်၊ ပိုမိုအားကောင်းအောင်၊ ပိုမိုလက်တွေ့ကျအောင် တစ်ဆင့်တက်လုပ်ဆောင်သင့်ကြောင်း၊ ရာစုနှစ်တစ်ခုအပြောင်းအလဲကြီးတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တည်ငြိမ်သော အခန်းကဏ္ဍကို ဆက်လက်ပါဝင်စေရန် ဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား နိုင်ငံခြားရေးဦးစားပေး ဦးတည်ချက်အဖြစ် ဆက်လက်ထားရှိမည် ဖြစ်ပြီး အတွင်းဝန်ရုံး၏ လုပ်ငန်းများအတွက် အဆင်ပြေမှုနှင့် ထောက်ခံမှုများ အစဉ်တစိုက်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အလှည့်ကျသဘာပတိနိုင်ငံဖြစ်သည့် ကာဇာတ်စတန်နိုင်ငံ၏ လုပ်ငန်းများကို ထောက်ခံပြီး ဘက်အသီးသီးတို့နှင့်အတူ ယခုနှစ်တွင် ကျင်းပမည့် အာစတာနာ ထိပ်သီးအစည်းအဝေးတွင် အောင်မြင်မှုများ ရရှိရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့အလားအလာသစ် ဖန်တီးပေးရန်၊ ကမ္ဘာ့ရေရှည် ငြိမ်းချမ်းရေးနှင့် အတူတကွ စည်ပင်ဝပြောရေးအတွက် ပိုမို များပြားသော အင်အား အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကျန်းမင် သည် မိန့်ခွန်း ပြောကြားရာတွင် အနှစ်၂၀အတွင်းတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် မတူညီ သော လူမှုရေးစနစ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများ ရွေးချယ်သော နိုင်ငံများ အကြား စည်းလုံးညီညွှတ်ပြီး ပူးပေါင်းဆောင်ရွက်သည့်၊ တံခါးဖွင့်ပြီး အပြန်အလှန် အကျိုးရရှိစေသည့်၊ အားလုံးပါဝင်နိုင်ပြီး အပြန်အလှန်အတုယူလေ့လာနိုင်သည့် ပူးပေါင်း ဆောင်ရွက်ရေးပုံစံသစ်ကို ဖန်တီးပေးခဲ့ကြောင်း၊ အတွင်းဝန်ရုံးအနေဖြင့် မူလရည်ရွယ်ချက် ကို မမေ့ဘဲ ရှေ့သို့ ဆက်လက်ချီတက်ပြီး အတွင်းဝန်ရုံး၏ တည်ဆောက်မှုကို ပိုမို ပြည့်စုံကောင်းမွန်လာစေကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပိုမိုခိုင်မာသော အာမခံချက်ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။