အမေရိကန်သည် ဗီတိုအာဏာကို အလွဲသုံးစားလုပ်ပြီး ဂါဇာတွင် စစ်ပွဲ အဆုံးသတ်ရန် အကြီးဆုံး အတားအဆီးဖြစ်

(GMT+08:00)2024-02-22 14:56:56  

ဒေသ စံတော်ချိန် ယခုလ ၂၀ရက်နေ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂါဇာဒေသ နှင့်ပတ်သက်သော ဆုံးဖြတ်ချက်မူကြမ်းသစ်ကို အမေရိကန်သည် ဗီတိုအာဏာဖြင့် ထပ်မံ ငြင်းပယ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက် မူကြမ်းသည် အယ်လ်ဂျီးရီးယား နိုင်ငံက အာရပ်နိုင်ငံများ ကိုယ်စား တင်ပြခြင်း ဖြစ်ပါသည်။ ဆုံးဖြတ်ချက် မူကြမ်း၏ အဓိက အကြောင်းအရာများတွင် ဂါဇာ၌ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအကောင်အထည်ဖော်ရန်၊ ဓားစာခံများအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုများအား ဝင်ခွင့်ပေးရန်နှင့် အတင်းအဓမ္မ နေအိမ်ပြောင်းရွှေ့စေခြင်းကို တားဆီးရန် စသည်များ ပါဝင်ပါသည်။ ယင်းသည် လုံခြုံရေး ကောင်စီ၏ သဘောတူညီချက်များ ဖြစ်ပြီး ဂါဇာတွင် အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ သဘောတူညီမှုလည်း ဖြစ်ပါသည်။

    အမှန်တကယ်တော့ ၂၀၂၃ခုနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ် တစ်ကြိမ် ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် ကုလသမဂ္ဂသည် ပါလက်စတိုင်း-အစ္စရေး ပြဿနာနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်မှု ၈ကြိမ်တိုင်တိုင် ပြလုပ်ခဲ့ရာတွင် အမေရိကန်မှ ဗီတိုအာဏာ အကြိမ်ပေါင်းများစွာ အသုံးပြုခြင်းကြောင့် ဆုံးဖြတ်ချက် မူကြမ်း ၂ခုကိုသာ အတည်ပြုနိုင်ခဲ့ပါသည်။ အမေရိကန်သည် လုံခြုံရေး ကောင်စီ၏ သက်ဆိုင်ရာ ဆောင်ရွက်ချက် ပြုလုပ်ရန် အကြီးဆုံး အတားအဆီး ဖြစ်လာပါသည်။

အကဲခတ်များက အမေရိကန်သည် ပါလက်စတိုင်း-အစ္စရေး ပြဿနာနှင့် ပတ်သက်သော ဆုံးဖြတ်ချက် မူကြမ်းများကို ဗီတိုအာဏာ ကြိမ်ဖန်များစွာ အသုံးပြုပြီး ပယ်ချခဲ့သည့် အကြောင်းရင်းများစွာ ရှိကြောင်း၊ တစ်ခုက ဂျူးလူမျိုးသည် အမေရိကန်တွင် လူဦးရေ အများဆုံးသော လူမျိုးစု ဖြစ်ပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ကွယ်တွင် ပိုက်ဆံပေးသူ(moneybags)လည်း ဖြစ်သဖြင့် အမေရိကန် နိုင်ငံရေး သမားများသည် သမ္မတ ရွေးကောက်ပွဲ အပေါ် ထိခိုက်စေနိုင်မည်ကို စိုးရိမ်သည့်အတွက် အစ္စရေးကို မထိမိရဲ သောကြောင့် ဖြစ်ကြောင်း၊ နောက်တစ်ခုက အမေရိကန်သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းများကို ပယ်ဖျက်ခြင်းဖြင့် အစ္စရေး အတွက် စစ်မြေပြင်တွင် အချိန်နှင့်နေရာ ရရှိရန် အခြေအနေ ဖန်တီးပေးချင်သောကြောင့် ဖြစ်ကြောင်း ယူဆကြပါသည်။

    လက်ရှိတွင် ပင်လယ်နီ အကျပ်အတည်း အဆက်မပြတ် အရှိန်မြင့်လာပြီး လက်ဘနွန်-အစ္စရေး နယ်စပ်ဒေသ အချင်းပွားမှုလည်း စဉ်ဆက်မပြတ် ဖြစ်ပွားကာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ သက်ရောက်မှုများ ကျယ်ပြန့်လာရန် အန္တရာယ် တစ်နေ့တခြား မြင့်တက် လာပါသည်။ အမေရိကန်သည် တစ်ဖက်က လုံခြုံရေး ကောင်စီတွင် ပါလက်စတိုင်း-အစ္စရေး အကြား အပစ်အခတ် ရပ်စဲရေး ဆုံးဖြတ်ချက် မူကြမ်းများကို အဆက်မပြတ် ပယ်ချခဲ့သည်။ နောက်တစ်ဖက် ကတော့ အစ္စရေးအား စစ်ရေး ထောက်ပံ့မှုများကို အဆက်မပြတ် ပေးအပ်ပြီး ပဋိပက္ခ ပြန့်ပွားရန်နှင့် အရှိန်မြင့်ရန် အားပေးနေကာ အရှေ့အလယ်ပိုင်း ဒေသ အခြေအနေ တင်းမာမှု အတွက် အကြီးဆုံး တာဝန်ခံသင့်သူ ဖြစ်လာပါသည်။ လုံခြုံရေး ကောင်စီ အနေနှင့် ဆောင်ရွက်ချက်ကို တစ်ဆင့်တိုး ပြုလုပ်ရန် လိုအပ်ပါသည်။ အမေရိကန်၏ ဗီတိုအာဏာ သည် ဂါဇာတွင် စစ်ပွဲ အဆုံးသတ်ရန် အတားအဆီး မဖြစ်သင့်ပါ။