G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတကာ အကျပ်အတည်းများနှင့် တစ်ကမ္ဘာလုံး စီမံအုပ်ချုပ်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အဓိကထားဆွေးနွေး

(GMT+08:00)2024-02-22 14:58:52  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့တွင် စတင်ခဲ့ပြီး ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး ဗီအဲရာက ဖွင့်ပွဲ အခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပါသည်။ ယခုအကြိမ်အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး  တက်ရောက်လာကြသူများက hot-spot ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာ အကျပ်အတည်း များနှင့် တစ်ကမ္ဘာလုံး စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ပါသည်။ 

အစည်းအဝေး၌ ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်မှာ ယခုနှစ်အတွက် ဒုတိယအကြိမ်မြောက် G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ယင်းဆောင်ရွက်ချက်ဖြင့် ကုလသမဂ္ဂနှင့် G-20 အကြား ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် တစ်ကမ္ဘာလုံး စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ထိထိရောက်ရောက် တွန်းအားပေးရန် ဘရာဇီးက မျှော်လင့်ထားပါသည်။