စပိန်ဝန်ကြီးချုပ် Pedro Sanchez သည် ဝမ်ယိ နှင့် တွေ့ဆုံ

(GMT+08:00)2024-02-20 16:39:24  

ဖေဖော်ဝါရီလ ၁၉ရက်နေ့က စပိန်ဝန်ကြီးချုပ် Pedro Sanchez သည် မက်ဒရစ်မြို့တွင် အလည်အပတ် ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က ၂၀၂၃ခုနှစ်၌ တရုတ်နှင့်စပိန်နှစ်နိုင်ငံတို့သည် သံအဆက်အသွယ်ထားရှိခဲ့သည့် အနှစ် ၅၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်လှုပ်ရှားမှုများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊ အစသစ်တွင် မိမိတို့အနေဖြင့် စပိန်နိုင်ငံ နှင့်အတူ အပြန်အလှန်ယုံကြည်ခြင်း၊ တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ရရှိစေခြင်း စိတ်ဓာတ်များဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုထွန်းလင်းတောက်ပသော လာမည့် အနှစ် ၅၀ ကို ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

Pedro Sanchez က စပိန်-တရုတ်နှစ်နိုင်ငံအကြား အဆင့်မြင့်ကူးလူးဆက်ဆံရေး ရင်းနှီးလာသဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် တောင့်တင်းသော အင်အားများ ထည့်သွင်း ပေးကြောင်း၊ စပိန်နိုင်ငံအနေဖြင့် စပိန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေးနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး အဆင်ပြေစေရန် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ဆောင်ရွက်ချက်များ ကျင့်သုံးခြင်း အတွက် တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ တစ်ဆင့်တက်ဖော်ထုတ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။