ဝမ်ယိသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Kuleba နှင့် တွေ့ဆုံ

(GMT+08:00)2024-02-19 16:31:40  

ဖေဖော်ဝါရီလ ၁၇ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် Munich-မြူးနစ် လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်စဉ် အတောအတွင်း ချိန်းဆိုထားသည့် အတိုင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Ivanovych Kuleba နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှစ၍ တရုတ်-ယူကရိန်း နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးအစဉ်အလာ ရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ ပြောင်းလဲ
သည်ဖြစ်စေ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ယူကရိန်းဆက်ဆံရေး သည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေပြီး နှစ်နိုင်ငံပြည်သူများအား ဆက်လက်အကျိုးပြု ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
 
 ဒါ့အပြင်  ဝမ်ယိ သည် ယူကရိန်းပြဿနာနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ မူဝါဒနှင့် ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဝမ်ယိက တရုတ်နိုင်ငံသည် နိုင်ငံရေး နည်းလမ်းဖြင့် ဟော့စပေါ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ဖို့ တွန်းအားပေးရန်၊ မီးလောင်ရာလေပင့်ခြင်း၊ မသမာ နည်းဖြင့် အမြတ်ထုတ်ခြင်းနှင့် အချင်းပွားမှု ဖြစ်ပွားသောဒေသများ သို့မဟုတ် အချင်းပွားမှုတွင် ပါဝင်သူများအား လက်နက်များ တင်ပို့ရောင်းချခြင်း မပြုလုပ်ရန် ခံယူထားကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
   
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ချစ်ခင် ရင်းနှီးသော ကူးလူးဆက်ဆံမှုများကို ထိန်းသိမ်းပြီး ယူကရိန်း-တရုတ်ဆက်ဆံရေး တစ်ဆင့် တက် ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် ရပ်တည်ချက် စာတမ်းကို ထုတ်ပြန်ခြင်းအပေါ် တန်ဖိုးထား ချီးကျူးကြောင်း၊ တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး ရရှိရန် တမူ ထူးခြားသော အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် မျှော်လင့် ကြောင်း၊ တရုတ်အစိုးရမှ ဥရောပ-အာရှရေးရာ အထူးသံတမန်နှင့် ဆက်သွယ်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။