"ပိတ်ပင်၊ ကန့်သတ် ရေပြင်" ဆိုတာ လုံးဝမရှိဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ် ရေးရာရုံး ဆို

(GMT+08:00)2024-02-18 14:59:56  

  တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖင့်လျန်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  ထိုင်ဝမ်ဘက်က ပြည်မကြီးမှ ငါးဖမ်း ရေယာဉ်အား ကြမ်းတမ်းစွာ နှင်ထုတ်၍ ငါးဖမ်းသူနှစ်ဦး သေဆုံးစေခဲ့သည့် ဖြစ်ရပ်ဆိုး အပေါ် ပြည်မကြီးမှ အလွှာပေါင်းစုံတို့သည် ပြင်းပြင်းထန်ထန် ဒေါသထွက်မိကြောင်း၊ ယင်း ဖြစ်ရပ်သည် ရေလက်ကြားနှစ်ဖက်ကမ်းမှ မွေးချင်း ပေါက်ဖော် များ၏ သံယောဇဉ်ကို ဆိုးရွားစွာ ထိခိုက်လိုက်ကြောင်း ပြောကြား ခဲ့ပါသည်။

  ကျူဖင့်လျန်က ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အားလုံးသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ နှစ်ဖက်ကမ်းမှ ငါးဖမ်းသူများသည် ရှေးပဝေသဏီကတည်းကပင် ရှာ့ကျင်း ပင်လယ်ပြင်ရှိ ရိုးရာ ငါးဖမ်းနေရာ၌ ငါးဖမ်းကြကာ "ပိတ်ပင်၊ ကန့်သတ် ရေပြင်" ဆိုတာ လုံးဝ မရှိပါကြောင်း၊ ထိုင်ဝမ်ဘက် အနေနှင့် ရေယာဉ်နှင့် လူများကို အမြန်ဆုံး ပြန်လွှတ်ပြီး နောက်ဆက်တွဲကိစ္စရပ်များကို သင့်တော်စွာ လုပ်ဆောင်ကာ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေး၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား တည်ကြည်လေးနက်စွာ အရေးယူပြီး ကျန်ရစ်သူ မိသားစု များနှင့် ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များအား အဖြေ တစ်ခု ပေးသင့် ကြောင်း၊ ပြည်မကြီးဘက်သည် တစ်ဆင့်တိုး ဆောင်ရွက်မှုများ ပြုလုပ်ရန် အခွင့်အရေးကို ထိန်းထားပြီး နောက်ဆက်တွဲ ဆိုးကျိုးများ အားလုံးကို ထိုင်ဝမ်ဘက်က တာဝန်ယူရမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။