ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွင် တိုးတက်မှုမရှိဟု အစ္စရေး ဆို

(GMT+08:00)2024-02-15 15:04:10  

အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်၌ ကျင်းပခဲ့သော ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန် အကောင်အထည်ဖော်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွင် တိုးတက်မှု မရရှိကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင် အစ္စရေးနိုင်ငံသည် စေ့စပ်ဆွေးနွေးပွဲ၌ အဖမ်းခံရသူများကို လွှတ်ပေးရေးဆိုင်ရာ မည်သည့်နည်းလမ်းသစ်ကိုမှ မရရှိခဲ့ကြောင်း၊ အစ္စရေးနိုင်ငံသည် ဟားမတ်စ်အဖွဲ့၏ “ထူးဆန်းသော”တောင်းဆိုချက်များကို အလျှော့ပေးမည်မဟုတ်ကြောင်း၊ ဟားမတ်စ်အဖွဲ့ အလျှော့ပေးမှသာလျှင် စေ့စပ်ဆွေးနွေးပွဲတွင် တိုးတက်မှုရရှိနိုင်မည် ဖြစ် ကြောင်း ဖော်ပြခဲ့ပါသည်။

စေ့စပ်ဆွေးနွေးပွဲတွင် တိုးတက်မှုမရရှိသောကြောင့် အစ္စရေးနိုင်ငံသည် ၁၅ရက်နေ့တွင် ကျင်းပမည့် စေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ်များအား စေလွှတ်မည် မဟုတ်ကြောင်း၊ အစ္စရေးမီဒီယာများမှ သတင်းအရ သိရပါသည်။