ရှီကျင့်ဖိန်သည် ရုရှားသမ္မတ ပူတင် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2024-02-09 11:55:17  

        ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်လွဲပိုင်းက တရုတ်ရိုးရာသက္ကရာဇ် နှစ်သစ်ကူးနွေဦးပွဲတော် နီးကပ်လာသည့်အချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ 

        ထိုသို့ ဆက်သွယ်ခဲ့ရာ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်သစ်ကူးနွေဦးပွဲတော်အတွက် အပြန်အလှန် နှုတ်ခွန်းဆက်ခဲ့ကြသည်။ 

       ရှီကျင့်ဖိန်က နှစ်ကုန်ပိုင်းတွင် နှစ်သစ်ကူးနွေဦးပွဲတော်အတွက် အပြန်အလှန် နှုတ်ခွန်းဆက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုရလဒ်များကို အကျဉ်းချုံ့ သုံးသတ်ကာ အနာဂတ်ကို အတူတကွ မျှော်မှန်းခြင်းသည် မိမိတို့၏ အစဉ်အလာကောင်း တစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း၊  အတိတ်ကို ပြန်ကြည့်လျှင် စိန်ခေါ်မှုများနှင့် စမ်းသပ်မှုများကို အတူကကွ ရင်ဆိုင် ဖြေရှင်းခဲ့ကြောင်း၊ အနာဂတ်ကို ခန့်မှန်းလျှင် တရုတ်-ရုရှား ဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များ ရင်ဆိုင်နေလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ အပြန်အလှန်ကူညီထောက်ပံ့ပြီး ခေတ်အဆက်ဆက် ချစ်ခင်ရင်းနှီးသော စိတ်ဓာတ်ကို ဆက်လက် စွဲကိုင်ကာ တရုတ်-ရုရှား ဆက်ဆံရေး စာမျက်နှာသစ်ကို လက်တွဲ ဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

        ပူတင်က ယခုနှစ်သည် တရုတ်-ရုရှား သံတမန်အဆက်အသွယ် ထားရှိသည့် ၇၅ နှစ်ပြည့် ဖြစ်ကြောင်း၊ နှစ်ဖက်တို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ရုရှား-တရုတ် ဆက်ဆံရေးသည် မကြုံစဖူး မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်က ရုရှားနှင့် တရုတ်အကြား နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ်  အများအပြား ရရှိခဲ့ကြောင်း၊ မိမိအနေနှင့် သမ္မတ ရှီကျင့်ဖိန်နှင့် ဆက်လက် ရင်းနှီးစွာ ဆက်ဆံပြီး နှစ်နိုင်ငံအကြား နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုတွင် ဖွံဖြိုးတိုးတက်မှုသစ်များ ရရှိဖို့အတွက် ဦးဆောင်ကြရန် မျှော်လင့်ကြောင်း ပြောကြားသည်။