【နိုင်ငံတကာဆောင်းပါး】ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ နောက်ထပ်တစ်ကြိမ် ယိုထွက်ခြင်းသည် အကဲဖြတ်ချက်သုံးချက်ကို သက်သေပြ

(GMT+08:00)2024-02-09 10:22:14  

   ဖေဖော်ဝါရီလ ၈ ရက်နေ့က ဂျပန်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား လျှပ်စစ်ဓာတ်အား ကုမ္ပဏီ ဖြစ်တဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီက ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား အမှတ်(၁) လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းရေ သန့်စင်ရေးစက်မှာ ယိုထွက်မှု ဖြစ်ရပ်ဟာ ဝန်ထမ်းများရဲ့ မတော်တဆ မှားယွင်းတဲ့လုပ်ရပ်ကြောင့် ဖြစ်စေတာ ဖြစ်နိုင်ကြောင်း၊ အဲဒီအခါမှာ ဝန်ထမ်းတစ်ဦးက စက်တစ်ခုကို သန့်ရှင်းတဲ့အခါ ဓာတ်ငွေ့ထုတ်ပိုက်မှာ ရေ ယိုထွက်နေပြီး သန့်ရှင်းရေးလုပ်ချိန်မှာ လက်နဲ့ ပိတ်သင့်တဲ့ အဆို့ရှင် ၁၆ ခုထဲမှာ ၁၀ ခုက ပွင့်နေတာကို တွေ့ရှိခဲ့ကြောင်း၊ အဲဒါကြောင့် ရေဒီယိုသတ္တိကြွပစ္စည်း ပါရှိသည့်ရေများ ဓာတ်ငွေ့ထုတ်ပိုက်ထဲကို စီးဆင်းလာပြီး ဘုံပိုင်ရေနဲ့ ရောစပ်သွားစေခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

   ဖူကူရှီးမား ဒေသခံမီဒီယာမှ သတင်းထုတ်ပြန်ချက်အရ ယင်းဖြစ်ရပ်ဆိုးကြောင့် နျူကလီးယား ညစ်ညမ်းရေ ၅.၅ တန်လောက် ယိုထွက်မှု ဖြစ်စေခဲ့ပြီး ယိုထွက်တဲ့ ရေထဲမှာ ရေဒီယို သတ္တိကြွပစ္စည်း ပမာဏဟာ Becquere ပေါင်း၂၂ ဘီလီယံ အထိ ရှိကာ အစိုးရအား တင်ပြဖို့ လိုအပ်တဲ့ စံချိန်ထက် အများကြီး ကျော်လွန်ကြောင်း သိရပါတယ်။

   တစ်ဖက်မှာ မတော်တဆမှု အဆက်မပြတ် အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့ပြီး တစ်ဖက်မှာလည်း ပင်လယ်ထဲသို့ စွန့်ပစ်တဲ့ နျူကလီးယား ညစ်ညမ်းရေဟာ လုံခြုံ ဘေးကင်းတယ်လို့ ကြေညာခဲ့တယ်။ ဂျပန်ရဲ့ ဒီလိုလုပ်ရပ်ဟာ လူအများရဲ့ အကဲဖြတ်ချက် သုံးချက်ကို သက်သေပြနေပါတယ်။ တစ်အချက်က တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီဟာ စွန့်ပစ်တဲ့ နျူကလီးယား ညစ်ညမ်းရေရဲ့ လုံခြုံ ဘေးကင်းမှုကို အာမခံ ပေးနိုင်စွမ်း လုံးဝ မရှိခြင်း ဖြစ်တယ်။ နှစ်အချက်က ဂျပန် အစိုးရက ကြပ်မတ်ရေးဆိုင်ရာ တာဝန်ပျက်ကွက်နေခြင်း ဖြစ်တယ်။ သုံးအချက်က ဂျပန်ရဲ့ နျူကလီးယား ညစ်ညမ်းရေ ကိုင်တွယ်ဖြေရှင်းရေးကိစ္စကို နိုင်ငံတကာ မိသားစုကြီးက မလွဲမသွေ ပါဝင်ရခြင်း ဖြစ်ပါတယ်။

   ပြီးခဲ့တဲ့နှစ် သြဂုတ်လက စပြီး ဂျပန်နိုင်ငံဟာ နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ သုံးကြိမ် စွန့်ပစ်ခဲ့ပြီ ဖြစ်ပြီး စွန့်ပစ်တဲ့ နျူကလီးယား ညစ်ညမ်းရေ စုစုပေါင်း တန်ချိန် ၂၃၀၀၀ ကျော် ရှိခဲ့ပြီ။ စတုတ္ထ အကြိမ် စွန့်ပစ်မှုကိုလည်း လာမယ့်လမှာ စတင် ပြုလုပ်မယ်လို့ သိရပါတယ်။ တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီရဲ့ မတော်တဆ ဖြစ်ရပ်ဆိုး တွေဟာ ဂျပန်အား နောက်ထပ်တစ်ကြိမ် သတိပေးခေါင်းလောင်း ထိုးပေးလိုက်တယ်။ ဂျပန်နိုင်ငံရေးသမားတို့ အနေနဲ့ တာဝန်ကျေပွန်စွာယူပြီး အကျင့်တရားအရ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကို ရပ်တန့်ပြီး နိုင်ငံတကာ မိသားစုကြီးနဲ့ တိုင်ပင်ဆွေးနွေးကာ ဘက်အသီးသီးတို့ လက်ခံတဲ့ ကိုင်တွယ်ဖြေရှင်းရေး အစီအစဉ်ကို ရှာကြံသင့်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။