တရုတ် နွေဦးပွဲတော် ခရီးသည် ပို့ဆောင်ရေး၏ ပြောင်းလဲမှုများမှတစ်ဆင့် တရုတ် စီးပွားရေး နာလန်ပြန်ထူရေးမှ ဆောင်ကြဉ်းလာသော ယုံကြည်မှုနှင့် ရှင်သန်မှုများ တွေ့ရှိ

(GMT+08:00)2024-02-05 20:03:00  

ယခုနှစ် တရုတ် နွေဦးပွဲတော် ခရီးသည် ပို့ဆောင်ရေး အချိန်ကာလသည် ဇန်နဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ရက်နေ့အထိ ရက်ပေါင်း ၄၀ ရှိပါသည်။ တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဌာန၏ ခန့်မှန်းချက်အရ ယင်းအချိန်ကာလ အတောအတွင်း တရုတ်ပြည် တစ်ပြည်လုံးတွင် ခရီးသည်များ၏ ဒေသ ဖြတ်ကျော် သွားလာမှု အကြိမ်ပေါင်း ၉ဘီလီယံ ရှိပြီး စံချိန်သစ် တင်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။

ခရီးသည်များ၏ ခရီးသွား နည်းလမ်းနှင့် ပုံစံများတွင်လည်း ပြောင်းလဲမှုသစ် ပေါ်လာပါသည်။ သက်ဆိုင်ရာ စာရင်း အရ နွေဦးပွဲတော် ခရီးသည် ပို့ဆောင်ရေး အချိန်ကာလ အတွင်း ခရီးသည် ရာခိုင်နှုန်း ၈၀ခန့်သည် ကိုယ်ပိုင်ကား မောင်းပြီး ခရီးလှည့်လည်ခြင်းကို ရွေးချယ်ကြကြောင်း သိရပါသည်။ တရုတ် နိုင်ငံမှ ကိုယ်တိုင် တီထွင်ထုတ်လုပ်သော C919 ခရီးသည်တင် လေယာဉ်ကြီး ၄စင်းနှင့် Adora Magic Cityဟု အမည်ပေးထားသော တရုတ် နိုင်ငံထုတ် ပထမဆုံး အကြီးစား အပျော်စီး သင်္ဘောတို့သည် ခရီးသည်များ အတွက် ပိုမိုများပြားသော ခရီးသွား နည်းလမ်းများကို ထောက်ပံ့ပေးပါသည်။

ထို့အပြင်၊ ဆိုရှယ် မီဒီယာ APPများ အသုံးပြုပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေကို အချိန်မရွေး သိရှိခြင်းမှသည် စမတ်ကျသော လက်မှတ်ရောင်းချရေးနှင့် ဘူတာဝင်ရောက်မှု စနစ် ဒီဇိုင်းဖော်ထုတ်အသုံးပြုခြင်းနှင့် သီးသန့် ရထားတွဲ၊ သီးခြား စားသောက်ဖွယ်ရာ အပါအဝင် သီးသန့်ဝန်ဆောင်မှုများ အထိ ဒီဂျစ်တယ် နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဖြင့် ခရီးသည်များ၏ တစ်နေ့တခြား များပြားလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

ပြောသင့်ပြောထိုက်သည့် အချက်တစ်ချက်မှာ မကြာခင် နှစ်များတွင် တရုတ် နိုင်ငံ၌ ကမ္ဘာပေါ်တွင် အကြီးဆုံး ကျည်ဆန်ရထား ကွန်ရက်၊ အဝေးပြေး ကားလမ်း ကွန်ရက်နှင့် ကမ္ဘာ အဆင့်မီ ဆိပ်ကမ်းများကို တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။ ယင်းသည် တရုတ် ခရီးသည်များ အိမ်ပြန်ရန် အချိန်ကို တိုတောင်းစေရုံသာမက ခရီးသည်များ အတွက် ခရီးလှည့်လည်မည့် နေရာများကို ရွေးချယ်ရာတွင် ပိုမိုများပြားသည့် ရွေးချယ်ချက်များကို ထောက်ပံ့ပေးနေပါသည်။

သက်ဆိုင်ရာ ပညာရှင်များက ယင်းပြောင်းလဲမှုများသည် တစ်ဖက်က သိပ္ပံနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အထူးသဖြင့် အင်တာနက်၊ big dataနှင့် A.I.စသည့် နည်းပညာများကို ကျယ်ပြန့်စွာ အသုံးပြုနေခြင်းကြောင့် ဖြစ်ပါသည်။ နောက်တစ်ဖက် ကတော့ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ခရီးသည်များက ခရီးသွားလာမှုတွင် ပိုမိုကောင်းမွန်သော ထိတွေ့ခံစားမှု အပေါ် လိုအပ်ချက် အဆက်မပြတ် တိုးမြင့်လာခြင်းကြောင့် ဖြစ်ပါသည်။ ယင်းများသည် ဈေးကွက် လိုအပ်မှုများကို ဖြည့်ဆည်း ရန် သက်ဆိုင်ရာတို့၏ ဝန်ဆောင်မှု ပုံစံကို ဆန်းသစ်တီထွင်လာစေပါသည်။

ရိုက်တာ သတင်းဌာနက တရုတ် နွေဦးပွဲတော် ခရီးသည် ပို့ဆောင်ရေးသည် တရုတ် စီးပွားရေး နာလန်ပြန်ထူရေးမှ ဆောင်ကြဉ်းလာသော ယုံကြည်မှုနှင့် ရှင်သန်မှုများကို ပြသနေကြောင်း ဖော်ပြပါသည်။