ကြီးပွားလာသည့် အမေရိကန် လက်နက် ကုန်သည်များသည် ရှမ်ပိန်အရက်ဖြင့် ထောမနာ ပြုဖို့သာ လုပ်ချင်သည်

(GMT+08:00)2024-02-02 16:00:46  

 မကြာမီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က နိုင်ငံခြားအား လက်နက်ရောင်းချမှု ပမာဏသည် ၁၆ ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၂၃၈ ဘီလီယံ ရှိကာ စံချိန်သစ် တင်နိုင်ခဲ့သည်။ ယင်းတို့အနက် အမေရိကန် အစိုးရက တိုက်ရိုက် စေ့စပ်ဆွေးနွေးပြီး လက်နက် ရောင်းချမှု ပမာဏသည် ဒေါ်လာ ၈၀.၉ ဘီလီယံ ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၅၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အမေရိကန် လက်နက် ကုမ္ပဏီများ၏ လက်နက် ရောင်းချမှု ပမာဏသည် ဒေါ်လာ ၁၅၇.၅ ဘီလီယံ ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၂.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

   ၂၀၂၃ ခုနှစ်တွင် အမေရိကန်သည် စစ်ပွဲများ၏ ကျေးဇူးကြောင့် ပိုက်ဆံ အများကြီး ရရှိခဲ့သည်။ ရုရှားနှင့် ယူကရိန်း စစ်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးဒေသမှာလည်း စစ်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ကမ္ဘာ့ဒေသများစွာမှာ စစ်ပွဲများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သောကြောင့် နိုင်ငံများစွာတို့သည် စစ်လက်နက်များကို ဝယ်ကြရသည်။ ကြာရှည်သည့် ကာလအတွင်း အမေရိကန်သည် စစ်ပွဲများဖြင့် ဗိုလ်ကျစိုးမိုးရေးကို ဖော်ဆောင်နေခဲ့ပြီး လက်နက်များ ရောင်းချခြင်းဖြင့် စစ်နယ်များ၌ လက်တွေ့ကျ အတွေ့အကြုံနှင့် အချက်အလက်များကို ရရှိကာ လက်နက် ဈေးကွက် များကို အဆက်မပြတ် အဆင့်မြှင့်တင်၍ ဤနည်း ဖြင့် ပိုမိုများပြားသော ဈေးကွက်ဝေစုကို သိမ်းပိုက် ရရှိနိုင်ခဲ့သည်။

   စစ်ပွဲများသည် ဒေသခံ အရပ်သူအရပ်သားများကို ဘေးဒုက္ခများ ဆောင်ကြဉ်းပေးခဲ့သည်၊ သို့သော်လည်း အမေရိကန် လက်နက် ထုတ်လုပ်သူများကို ပိုက်ဆံ အမြောက်အမြား ဆောင်ကြဉ်း ပေးလာခဲ့သည်။ အမေရိကန်တွင် စစ်ဘက်၊ လက်နက် ကုန်သည်၊ လွှတ်တော် အမတ်၊ ကာကွယ်ရေး သုတေသနဌာန၊ တတ်သိပညာရှင်အဖွဲ့နှင့် မီဒီယာတို့ဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် အကျိုးစီးပွား အုပ်စု ဖြစ်တည်လာပါပြီ။

    စံချိန်သစ်တင် လက်နက်ရောင်းချမှု ပမာဏမှ ကမ္ဘာကြီး မတည်မငြိမ် ဖြစ်လေလေ အမေရိကန်က ရရှိသည့် အကျိုးစီးပွား များလေလေ ဆိုတာ လူအများက ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။ စစ်ပွဲများဖြင့် ဗိုလ်ကျစိုးမိုးရေးကို ဖော်ဆောင်သည့် ဗျူဟာသည် အမေရိကန် လက်နက်ကုန်သည်များကို ကြီးပွားလာစေခဲ့သည်၊ သို့သော် ကမ္ဘာကြီးအား စစ်ပွဲများနှင့် မတည်ငြိမ်မှုများကို တင်ပို့ခဲ့သည်။ အမေရိကန်က ယူကရိန်း ပြည်သူများ၏ အသက်ကို ဂရုမပြု၊ ဥရောပ မဟာမိတ်နိုင်ငံများ၏ ထိခိုက် နစ်နာမှုကို ဂရု မပြု၊ အာရှ ပစိဖိတ် ပြည်သူများ၏ လုံခြုံရေးကို ဂရုမပြုဘဲ၊ ကြီးပွားလာသည့် အမေရိကန်၏ လက်နက် ကုန်သည်များသည်  ပိုက်ဆံ အများကြီး ရရှိလာသည့်အတွက် ရှမ်ပိန်အရက်ဖြင့် ထောမနာ ပြုခြင်းကိုသာ လုပ်ချင်သည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖော်ပြထားပါသည်။