Fentanyl အကျပ်အတည်းကို ဖြေရှင်းလိုလျှင် အမေရိကန်က ကိုယ့်အကြောင်းရင်းကို ရှာသင့်

(GMT+08:00)2024-02-01 14:11:57  

   အမေရိကန်နိုင်ငံတွင် ကြာရှည်သည့်ကာလကတည်းက Fentanyl ဆေးအလွဲသုံးစားမှု ပြဿနာ ရှိနေခဲ့ပြီး Fentanyl ဆေးသည် အမေရိကန် လူ့အဖွဲ့အစည်းကို အန္တရာယ် ပြုသည့် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်လာနေသည်။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနမှ မကြာမီက ထုတ်ပြန်ခဲ့သည့် စာရင်းအရ Fentanyl ဆေးသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားများ သေဆုံးစေသည့် အဓိက အကြောင်းရင်း ဖြစ်လာပြီ ဖြစ်ပြီး အမေရိကန် သမိုင်းတွင်း အသက်အန္တရာယ် အရှိဆုံးသော မူးယစ်ဆေးဝါး တစ်မျိုးပင် ဖြစ်သည်ဟု သိရပါသည်။

   အမေရိကန်မှာ Fentanyl ဆေး ပျံ့နှံ့မှု ဖြစ်ပွားနေသည့် အကြောင်းရင်း များစွာ ရှိသည်။ အကြီးစား ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများသည် နိုင်ငံရေးသမားများအား မူဝါဒအရ Fentanyl ဆေးကို အကာအကွယ်ပေးနိုင်ရန် ဖျောင်းဖျနားချပြီး ဆေးဆိုင်များတွင်လည်း Fentanyl ဆေးကို တအား ရောင်းချ နေကာ ပြီးပြည့်စုံသော အကျိုးစီးပွား ကွင်းဆက်တစ်ရပ် ဖြစ်တည်လာပါပြီ။ အမေရိကန် အစိုးရသည်လည်း ကြပ်မတ်မှု အားနည်းနေပြီး အမေရိကန် ဒေသများစွာ၌ Fentanyl အမျိုးအစား မူးယစ်ဆေးဝါး မှောင်ခိုဈေးတွေ ရှိပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး၏ အန္တရာယ်အကြောင်း ဝါဒဖြန့် အသိပေးမှု ကျယ်ကျယ်ပြန့်ပြန့် မရှိဘဲ ပြည်နယ် တစ်ဝက်ကျော်တွင် ဆေးခြောက် တရားဝင် အသုံးပြု ခြင်း မူဝါဒကို ကျင့်သုံးနေဆဲ ဖြစ်သည်။

   အမေရိကန် နိုင်ငံရေးသမားတို့သည် ယင်းပြဿနာကို မဖြေရှင်းနိုင်သဖြင့် လုပ်ထုံးလုပ်နည်းအရ အခြားနိုင်ငံများအား အပြစ် လွှဲချခဲ့သည်။ ထရန့် အစိုးရသည် တရုတ်ပြည်အား အပြစ် လွှဲချပေးခဲ့ ပြီး တရုတ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံသား အချို့ကိုလည်း စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်များက တရုတ်ပြည်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့စဉ်တွင်လည်း တရုတ်ပြည်၏ သက်ဆိုင်ရာဌာနများကို “Entity List”စာရင်းတွင် ထည့်သွင်းပြီး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ယင်းသည် "အမေရိကန် ဖျားနာသည့်အခါ တရုတ်ပြည်အား ဆေးသောက်ခိုင်းခြင်း" လုပ်ရပ်သတ်သတ် ဖြစ်သည်ဟု အမေရိကန် ပြည်တွင်း ပုဂ္ဂိုလ်များစွာက ဝေဖန်ခဲ့ကြပါသည်။

    တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုကို တစ်လျှောက်လုံး ပြင်းပြင်းထန်ထန် တိုက်ဖျက်နေခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မေလတွင် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး၌ Fentanyl အမျိုးအစား ဆေးဝါးပစ္စည်းများကို ဦးစွာ ထိန်းချုပ်ခဲ့ပြီး စုစုပေါင်း ပစ္စည်း ၂၅ မျိုး ရှိကာ ကုလသမဂ္ဂ သတ်မှတ်ထားသည့် ၂၁ မျိုးထက်တောင် ကျော်လွန်ပါသည်။ တစ်ကမ္ဘာလုံးတွင် Fentanyl ပြဿနာ ထင်ရှားဆုံးသော အမေရိကန်ကမူ ယနေ့အထိ Fentanyl အမျိုးအစား ဆေးဝါးပစ္စည်းများကို တရားဝင် ထိန်းချုပ်ခြင်း မပြုလုပ်သေးပေ။ Fentanyl အကျပ်အတည်းကို ဖြေရှင်းလိုလျှင် အမေရိကန်က သူတစ်ပါးအား အပြစ် လွှဲချသည့်အစား ကိုယ့်အကြောင်းရင်းကို ရှာပြီး ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။