ဝမ်ယိသည် အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် Sullivanနှင့် တွေ့ဆုံ

(GMT+08:00)2024-01-28 15:12:11  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ဘန်ကောက်မြို့၌ အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် Sullivanနှင့် နောက်ထပ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ San Francisco သဘောတူညီမှု၊ နှစ်နိုင်ငံဆက်ဆံမှုတွင် အကဲဆတ် ရေးရာများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေး စသည်တို့နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် ကူးလူးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။ 

   ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက ယခုနှစ်သည် တရုတ်နှင့် အမေရိကန်တို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ယင်းကို အခွင့်ကောင်း အဖြစ်ထား၍ အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး သင်ခန်းစာများကို ယူကာ အထက်စီးမှ မဟုတ်ဘဲ တန်းတူရည်တူ ထားခြင်း၊ ကွဲလွဲချက်များ ချဲ့ထွင်သည် မဟုတ်ဘဲ ကွဲလွဲချက်များကို ဖယ်ချန်ပြီး တူညီချက်များကို ရှာကြံခြင်း၊ သူတစ်ပါး၏ အဓိက အကျိုးစီးပွားကို ထိခိုက်သည် မဟုတ်ဘဲ ထိရောက်စွာ လေးစားခြင်းတို့ဖြင့် အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်တွဲ ကြိုးပမ်းသင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

  ဝမ်ယိက ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်တွင်းရေး ဖြစ်ပြီး ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် ထိုင်ဝမ်က တရုတ်ပြည်၏ အစိတ်အပိုင်း ဖြစ်သည့် အခြေခံ ဖြစ်ရပ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်းသုံးရပ်ကို လိုက်နာပြီး ထိုင်ဝမ် သီးခြားတည်ရှိမှု မထောက်ခံခြင်းဆိုင်ရာ ကတိပြုချက်ကို ထိထိရောက်ရောက် ဖော်ဆောင်ပေး၍ တရုတ်ပြည်ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို ထောက်ခံရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   နှစ်ဦးနှစ်ဖက်တို့သည် San Francisco မျှော်မှန်းချက်ကို လက်တွဲ အကောင်အထည် ဖော်ဆောင်ပေးရန် သဘောတူကြပါသည်။ ထို့ပြင် နှစ်ဖက်တို့သည် အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ ကိုရီးယားကျွန်းဆွယ်၊ တောင်ပင်လယ် စသည့် နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။