လာမည့် နှစ် ၆၀ အတွင်း တရုတ်နှင့် ပြင်သစ် ဆက်ဆံမှုသည် ရှေ့တန်း၌ ဆက်လက် လျှောက်လှမ်းသင့်

(GMT+08:00)2024-01-27 17:41:20  

ဇန်နဝါရီလ ၂၅ ရက်နေ့ညက ကျင်းပခဲ့သည့် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်း နှစ် ၆၀ ပြည့် ဧည့်ခံပွဲတွင် တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့သည် ဗီဒီယို မိန့်ခွန်းကို ပူးတွဲ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် ပြင်သစ် ဆက်ဆံမှု၏ ထူးခြားသော သမိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ရေး၊ အပြန်အလှန် နားလည်ရေး၊ အ‌မြော် အမြင်ရှိရေး၊ အပြန်အလှန် အကျိုးရှိစေရေးဆိုင်ရာ  "တရုတ်-ပြင်သစ် စိတ်ဓာတ်"ကို ဖန်တီးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ် သမ္မတ မက်ခရွန်က နှစ်ဖက်တို့သည် နှစ်နိုင်ငံ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက်လည်း အကျိုး ရှိသည့် မိတ်ဖက် ဆက်ဆံမှုကို လက်တွဲ တည်ဆောက်ရန် တာဝန်ဝတ္တရားရှိပါကြောင်း ပြောကြားခဲ့သည်။

   ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေး တရားဝင် ထားရှိခဲ့သည့် ပထမဆုံး အနောက်နိုင်ငံကြီး ဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့်နှင့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆွေးနွေးမှု ပြုလုပ်သည့် ပထမဆုံး အနောက်နိုင်ငံကြီး ဖြစ်ပါသည်။ စစ်ရေး မှောင်မည်းမှု လွှမ်းခြုံနေခဲ့သည့် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံတို့သည် ပူးတွဲ ပြန်တမ်းကို တစ်ပြိုင်တည်း ထုတ်ပြန်ပြီး သံတမန် ဆက်ဆံရေး ထားရှိကြောင်းကို ကြေညာခဲ့ကြကာ အနောက်မီဒီယာများက ယင်းဖြစ်ရပ်ကို "သံတမန်ရေး နျူကလီးယား ပေါက်ကွဲမှု" ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခြင်းသည် အရှေ့ အနောက် နိုင်ငံများ ကူးလူးဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တံခါးကို ဖွင့်ပေးခဲ့ပြီး စစ်အေး ကာလ၌ တည်ရှိနေခဲ့သည့် ကမ္ဘာကြီးအတွက်လည်း မျှော်လင့်ချက်ကို ဆောင်ကြဉ်း ပေးလာခဲ့သည်။

   လွန်ခဲ့သည့် နှစ် ၆၀ အတွင်း နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ ဖြစ်ပွား ခဲ့သော်လည်း တရုတ်နှင့် ပြင်သစ် ဆက်ဆံမှုသည် တစ်လျှောက်လုံးဆိုသလို တရုတ်နှင့် အနောက်နိုင်ငံများ ဆက်ဆံမှု၏ ရှေ့တန်း၌ လျှောက်လှမ်းနေခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂ၌ တရုတ်နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ၊ တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုနိုင်ငံနှင့် ဒုတိယ အကြီးဆုံး နည်းပညာ တင်သွင်းမှုနိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံသည် အာရှ၌ ပြင်သစ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပါသည်။

   ကမ္ဘာကြီး မတည်မငြိမ် ဖြစ်လေလေ တရုတ်နှင့် ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးလေလေပင် ဖြစ်သည်။ လာမည့် နှစ် ၆၀ အတွင်း တရုတ်နှင့် ပြင်သစ် ဆက်ဆံမှုသည် ဆက်လက် ရှေ့တန်း၌ လျှောက်လှမ်းသင့်ပါကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။