တရုတ်နှင့် Nauru သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိခြင်းသည် နိုင်ငံတကာ သဘောတူညီချက် ၃ချက်ကို သက်သေပြ

(GMT+08:00)2024-01-26 16:16:11  

ယခုလ ၂၄ရက်နေ့က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် Nauru သမ္မတ နိုင်ငံတို့သည် သံတမန် ဆက်ဆံရေးကို ပြန်လည်ထားရှိခဲ့ပါသည်။ မဲခွဲဆုံးဖြတ်ရာတွင် Nauru လွှတ်တော်အမတ်အားလုံးသည် မတ်တတ်ရပ်ပြီး ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် ထိုင်ဝမ်နှင့် “သံတမန် ဆက်ဆံရေး” ဖြတ်တောက်ကာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထားရှိရန် အတည်ပြုခဲ့ပါသည်။ Nauruပြည်သူများသည်လည်း ယင်းအပေါ် ကြိုဆိုကြပါသည်။ ယင်းသည် Nauru အစိုးရ၏ အတည်ပြု ဆုံးဖြတ်ချက်က Nauruပြည်သူများ၏ လိုအင်ဆန္ဒကို ကိုယ်စားပြုပြီး Nauru နိုင်ငံတော် အကျိုးစီးပွားနှင့် ကိုက်ညီကာ သမိုင်းရေစီးကြောင်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း ပြဆိုနေပါသည်။

ပထမ အချက်က တရုတ် နှင့် Nauruအကြား သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိခြင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူဝါဒက နိုင်ငံတကာ အသိုင်းအဝိုင်းမှ ယေဘုယျ သဘောတူညီချက် ဖြစ်ကြောင်းကို ပြဆိုနေပါသည်။

ဒုတိယ အချက်ကတော့ တရုတ်နှင့် Nauruအကြား သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခြင်းသည် ကုလသမဂ္ဂ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈နှင့် ပတ်သက်၍ မူမမှန်သော အသံများကို ဟုတ်တိုင်းမှန်ရာ အတိုင်း ရှင်းလင်းဖော်ပြခဲ့ပါသည်။ Nauru အစိုးရမှ ထုတ်ပြန်ကြေညာချက်တွင် ကုလသမဂ္ဂ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရသည် တရုတ် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ် နိုင်ငံ၏ ခွဲမရသော အစိတ် အပိုင်း ဖြစ်သည်ဟု အသိအမှတ်ပြုကြောင်း ဖော်ပြထားပါသည်။ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို သတ်မှတ်ပေးထားသော ကုလသမဂ္ဂ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈က နိုင်ငံတကာ ဥပဒေ သဘောတရား ဖြစ်ပြီး ယင်းအတည်ပြု ဆုံးဖြတ်ချက်ကို လွဲမှားစွာ သဘောပေါက် နားလည်ရန် အခွင့်အလမ်း လုံးဝ မရှိကြောင်း အပြည့်အဝ ပြဆိုနေပါသည်။

တတိယ အချက်က ယင်းသည် ထိုင်ဝမ် သီးခြားခွဲထွက်ရေး ထွက်ပေါက်မရှိကြောင်း ထပ်မံ ပြဆိုနေပါသည်။ ၂၀၁၆ခုနှစ်က မင်ကျင့်ပါတီ တက်လာခဲ့သည့် နောက်ပိုင်းတွင် နိုင်ငံ ၁၀နိုင်ငံသည် ထိုင်ဝမ် အာဏာပိုင်နှင့် “သံတမန် ဆက်ဆံရေး”ကို ဖြတ်တောက်ခဲ့ပြီ ဖြစ်ပါသည်။ ထိုင်ဝမ် အာဏာပိုင်၏ “ငွေကြေး သံတမန်ရေး”သည် ကမ်းကုန်လမ်းကုန် ဖြစ်နေပြီ ဖြစ်ပါသည်။