တရုတ် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်မှုကို နိုင်ငံ ၁၂၀ကျော်မှ အတည်ပြု

(GMT+08:00)2024-01-25 15:44:10  

ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ စတုတ္ထ အကြိမ် လူ့ခွင့်အရေး စိစစ်မှုတွင် တရုတ် ကိုယ်စားလှယ်သည် တရုတ် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် အောင်မြင်မှုများကို မိတ်ဆက်ပေးခဲ့ပါသည်။ နိုင်ငံ ၁၂၀ကျော်သည် ယင်းကို ချီးကျူးခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ် နိုင်ငံသည် “တရုတ် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ စနစ်နှင့် လက်တွေ့ဖော်ဆောင်မှု” စက္ကူဖြူ စာတမ်းကို ထုတ်ပြန်ပြီး တရုတ် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ပုံလုပ်နည်းနှင့် အကျိုးဖြစ်ထွန်းမှုများကို အသေးစိတ် မိတ်ဆက်ပေးခဲ့ပါသည်။ သက်ဆိုင်ရာ ပညာရှင်များက တရုတ် နိုင်ငံသည် ဥပဒေ အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အစဉ်တစိုက် ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်နှင့် ဥစ္စာဓန အပေါ် ထိခိုက်စေသော အကြမ်းဖက်မှုများကို အင်တိုက်အားတိုက် တိုက်ဖျက်သည့် တစ်ချိန်တည်းတွင် ပြည်သူများ၏ အသက်ရှင် နေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် လူ့အခွင့်အရေးများကို အာမခံပေးနေကြောင်း ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှု ရလဒ်အရ တရုတ်ပြည်သူများ၏ လုံခြုံစိတ်ချမှု ခံစားမှုနှုန်းသည် ၂၀၁၂ခုနှစ်က ၈၇.၅၅ရာခိုင်နှုန်း ရှိရာမှ ၂၀၂၁ခုနှစ်တွင် ၉၈.၆၂ရာခိုင်နှုန်း အထိ တိုးလာခဲ့ကြောင်း သိရပါသည်။

လွန်ခဲ့သည့် တစ်နှစ် အတွင်း နိုင်ငံခြား အွန်လိုင်း ဆယ်လီများစွာသည် တရုတ် နိုင်ငံ ရှင်းကျန်း ဒေသသို့ လာရောက် ခရီးလှည့်လည်ပြီး ရှင်းကျန်း တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုများကို ထိတွေ့ခံစားခဲ့ပါသည်။ ရှင်းကျန်း၏ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး သည် ၄င်းတို့၏ စိတ်ထဲတွင် စွဲကျန်ရစ်စေခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် ရှင်းကျန်းသည် ပြည်တွင်းပြည်ပ ခရီးသည် ၂၆၅.၄၄သန်းကို လက်ခံပြီး ၂၀၂၂ခုနှစ်ကထက် ၁၁၇ရာခိုင်နှုန်း တိုးလာကာ သမိုင်း စံချိန်သစ် တင်နိုင်ခဲ့ပါသည်။

လက်ရှိတွင် ကမ္ဘာသည် မတည်မငြိမ် ဖြစ်နေ၍ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် အခက်အခဲ များစွာ ရှိမြဲရှိနေသေးပါသည်။ ယင်းသို့ အခြေအနေမျိုးတွင် တရုတ် နိုင်ငံသည် ဥပဒေ အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ပေးကာ ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု အတွက် ကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ စတုတ္ထ အကြိမ် လူ့ခွင့်အရေး စိစစ်မှု အတောအတွင်း တရုတ်နိုင်ငံသည် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်မှု ဆောင်ရွက်ချက် သစ် အချက် ၃၀ ကို ကျင့်သုံးမည်ဟု နောက်ထပ် ကြေညာခဲ့ပါသည်။ တရုတ် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်မှု ဘယ့်နှယ်လဲ။  နိုင်ငံ ၁၂၀ကျော်မှ အတည်ပြုခြင်းသည် အကောင်းဆုံး သက်သေ အထောက်အထား ဖြစ်ပါသည်။