ချောပို့လုပ်ငန်း ရှင်သန်တိုးတက်မှုသည် တရုတ် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်လာခြင်း အတွက် သက်သေ အထောက်အထား ဖြစ်

(GMT+08:00)2024-01-24 10:33:41  

     တရုတ် အစိုးရမှ ယခုလ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၂၃ခုနှစ်တွင် တရုတ် ချောပို့လုပ်ငန်း၏ ပါဆယ်ပို့ဆောင်မှု စုစုပေါင်း ပမာဏမှာ ၁၃၂ဘီလီယံကျော် ရှိပြီး ၂၀၂၂ခုနှစ်ကထက် ၁၉.၄ ရာခိုင်နှုန်း တိုးလာကာ ဆယ်နှစ် ဆက်တိုက် တစ်ကမ္ဘာလုံးတွင် အများဆုံး ဖြစ်ကြောင်း၊ ယင်းပါဆယ်များတွင် ပြည်တွင်း ပါဆယ်များ ပါဝင်သလို နိုင်ငံဖြတ်ကျော် ပို့ဆောင်ခဲ့သော ပါဆယ်များလည်း ပါဝင်ကြောင်း သိရပါသည်။

တရုတ် ချောပို့လုပ်ငန်း ရှင်သန်တိုးတက်မှုသည် ဝယ်လိုအားမှ တွန်းအားပေးမှု၊ အားကောင်းသော ထောက်ပံ့မှု ကွင်းဆက်၊ ထွန်းကားသော ကုန်စည်ပို့ဆောင်ရေး စနစ်နှင့် ခွဲမရပေ။ ပထမ အချက်က တရုတ် လူဦးရေ ၁.၄ဘီလီယံ ရှိပြီး တစ်ကမ္ဘာလုံးတွင် ရှေ့အလားအလာ အများဆုံးသော စားသုံးမှု ဈေးကွက် ဖြစ်ပါသည်။ လက်ရှိ တရုတ် ချောပို့လုပ်ငန်း၏ ပမာဏမှာ နေ့စဉ် ပါဆယ် သန်းပေါင်း ၃၅၀ကျော် ရှိပါသည်။ ဒုတိယ အချက် ကတော့ တရုတ် နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကုလသမဂ္ဂ၏ စက်မှုလုပ်ငန်းနယ်ပယ် အမျိုးအစားခွဲခြားရေးတွင် စက်မှုလုပ်ငန်း အမျိုးအစားအားလုံး ရှိသည့် တစ်ခုတည်းသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ အားကောင်းသော လုပ်ငန်းဆက်စပ်ပေးနိုင်စွမ်းနှင့် ထောက်ပံ့ရေး ကွင်းဆက် ဆိုင်ရာ အားသာချက် ရှိ၍ တရုတ် လုပ်ငန်း ကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု အရှိန်နှင့် ဈေးကွက် အပေါ် တုံ့ပြန်ခြင်း ထက်မြက်မှု အတွက် အားကောင်းသော အာမခံမှု ပေးနေပါသည်။ တတိယ အချက်က တရုတ် နိုင်ငံသည် ထွန်းကားသော လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများနှင့် ကုန်စည် ပို့ဆောင်ရေး စနစ် ရှိပါသည်။ လက်ရှိတွင် တရုတ် နိုင်ငံသည် ကမ္ဘာပေါ်၌ အကြီးဆုံး ကျည်ဆန်ရထား ကွန်ရက်၊ အဝေးပြေး ကားလမ် ကွန်ရက်နှင့် ကမ္ဘာ့ အဆင့်မီ ဆိပ်ကမ်းများကို တည်ဆောက်ခဲ့ပြီ ဖြစ်ပြီး စုစုပေါင်း ကီလိုမီတာ ၄၈သန်း၇သိန်းကျော် ရှည်လျားပြီး ချောပို့ ဝန်ဆောင်မှု လုပ်ကိုင်ဆောင်ရွက်သော နေရာ ၂သိန်း၃သောင်းကျော် ရှိသော ဧရာမ ကွန်ရက် ဖြစ်တည်လာပြီ ဖြစ်ပါသည်။ ပိုမို အရေးကြီးသည့် အချက်တစ်ချက်မှာ တရုတ် နိုင်ငံ၏ ချောပို့လုပ်ငန်းသည် စမတ် နည်းပညာနှင့် ဆက်သွယ်ရေး နည်းပညာ အသုံးပြုခြင်းဖြင့် အဆင့်မြှင့်တင်လာပါသည်။

လက်ရှိတွင် တရုတ် ချောပို့လုပ်ငန်းသည် တရုတ် နိုင်ငံ၏ အမည်ကတ်ပြား တစ်ခု ဖြစ်လာပါသည်။ ပါဆယ်ထုပ်တိုင်းသည် တရုတ် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်လာခြင်း အတွက် သက်ဝင်လှုပ်ရှားသော သက်သေအထောက်အထား ဖြစ်ပါသည်။