ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် Shaotongမြို့ Zhenxiongခရိုင်၌ တောင်မြေပြိုကျမှုနှင့် ပတ်သက်၍ အရေးကြီးညွှန်ကြားချက်ကို ပြောကြား

(GMT+08:00)2024-01-23 17:07:52  

ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် ၆နာရီက ယူနန်ပြည်နယ် Shaotongမြို့ Zhenxiongခရိုင် Liangshuiရွာ၌ တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် မိသားစု ၁၈စု၏ အိမ်ယာများ ပျက်စီးခဲ့ပြီး လူ ၄၇ဦး ပျောက်ဆုံးနေသေးကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးဂရုစိုက်ပြီး အရေးကြီး ညွှန်ကြားချက် ပြောကြားခဲ့ရာ ကယ်ဆယ်ရေးအင်အားများကို လျင်မြန်စွာ ဖွဲ့စည်းပြီး ပျောက်ဆုံးနေသူများကို အင်တိုက်အားတိုက် ရှာဖွေကယ်ဆယ်ကာ လူသေကျေ ဒဏ်ရာရရှိမှုများ တတ်နိုင်သမျှ လျှော့ချရန် တောင်းဆိုခဲ့ကြောင်း၊ ဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားမှုကို ကြိုတင်ရှောင်ရှားရန်အတွက် ကြီးကြပ်စစ်ဆေးမှု၊ ကြိုတင်သတိပေးမှုနှင့် သိပ္ပံနည်းကျစွာ ရှာဖွေကယ်ဆယ်မှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများကို နှစ်သိမ့်အားပေးမှု နှင့် ဘေးသင့်သူများ ပြန်လည်နေရာချထားမှု စသောလုပ်ငန်းများကို ကောင်းမွန်သင့်လျော်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။