၂၀၂၃ ခုနှစ် တရုတ် အမျိုးသား စီးပွားရေး ကောင်းမွန်စွာ နာလန်ပြန်ထူလာ

(GMT+08:00)2024-01-18 15:03:13  

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၃ ခုနှစ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် စီးပွားရေးသည် ကောင်းမွန်စွာ နာလန်ပြန်ထူလာပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် ထိရောက်စွာ တိုးတက်လာကြောင်း၊ အဓိက ရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာ့ စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံတော် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခန်ယိက ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် စီးပွားရေး တိုးတက်မှုနှုန်းသည် ၅.၂ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်း ဖြစ်သည့် ကြိုတင်ခန့်မှန်းချက်ထက် မြင့်သည့်အပြင် ကမ္ဘာ့ အဓိက စီးပွားရေးအုပ်စုများတွင် ရှေ့တန်း၌ တည်ရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာ့ စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော် ရှိနိုင်မည် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုင်ရာ အဓိက အင်ဂျင် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

တရုတ် မက္ကရိုစီးပွားရေး သုတေသန တံခွန်အသင်း စီးပွားရေး သုတေသန ဌာန ဒုတိယ ဌာနမှူး ဝူဆာက တရုတ်ပြည် စီးပွားရေး တိုးတက်မှုသည် ကြီးမားသော အလားအလာ ရှိကြောင်း၊ လာမည့်အဆင့်ကာလတွင် တည်ငြိမ်မှုထဲမှ တိုးတက်မှု ရှာကြံခြင်း၊ တိုးတက်မှုဖြင့် တည်ငြိမ်မှုကို တိုးမြှင့်ခြင်း၊ စည်းစနစ်နှင့် စံချိန်သစ် အရင် ထူထောင်၊ ပြီးမှ ချိန်ညှိ ပြုပြင်ခြင်း ဖြစ်သည့် အခြေခံမူအရ လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။