ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာရပ်နိုင်ငံများ အဖွဲ့ချုပ် အတွင်းရေးမှူးရုံးတို့၏ ပူးတွဲကြေညာချက်

(GMT+08:00)2024-01-15 14:31:29  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်နိုင်ငံများအဖွဲ့ချုပ်သို့ ခရီးလှည့်လည်ရာတွင် အာရပ်နိုင်ငံများအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဂိတ်ထ် နှင့်တွေ့ဆုံပြီး နှစ်ဖက်တို့သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြကာ အောက်ဖော်ပြပါ သဘောတူညီမှုများ ရရှိခဲ့သည်။

၁။ အပစ်အခတ်ကို ချက်ချင်းဘက်စုံရပ်စဲပြီး ဂါဇာဒေသနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတို့မှ ချမှတ်ထားသော သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

၂။ နိုင်ငံတကာအသိုက်အဝန်းသည် အခြေအနေကို တတ်နိုင်သမျှအမြန်ဆုံး လျော့ပါးစေရန်နှင့် အပစ်အခတ် ရပ်စဲရေး ရရှိရန် တက်ကြွစွာလုပ်ဆောင်သင့်သည်။

၃။ ပါလက်စတိုင်း၏ အနာဂတ်ကံကြမ္မာနှင့်ပတ်သက်သည့် အစီအစဉ်မှန်သမျှ "ပါလက်စတိုင်းလူမျိုးသည် ပါလက်စတိုင်းကို အုပ်ချုပ်ခြင်း" မူကို လိုက်နာသင့်သည်။

၄။ ပါလက်စတိုင်းလူမျိုးများ၏ ကံကြမ္မာကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်သော နိုင်ငံ တည်ထောင်ခွင့်ကို  ရှိစေရန် "နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း" သည် နောင်တွင် ဂါဇာဒေသနှင့် ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း (အရှေ့ဂျေရုဆလင်အပါအဝင်) ရှိ ပါလက်စတိုင်းလူမျိုးများ၏ ကံကြမ္မာနှင့်ပတ်သက်သည့် အစီအစဉ် များ၏ အခြေခံ ဖြစ်မြဲဖြစ်နေကြောင်း အလေးပေးဖော်ပြပါသည်။

၅။ ပါလက်စတိုင်းပြဿနာအတွက် ကျယ်ကျယ်ပြန့်ပြန့် တရားမျှတပြီး ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိရန် ထိရောက်သော ကြိုးပမ်းမှုများ ပြုလုပ်သင့်ကြောင်း အလေးပေးဖော်ပြပါသည်။

၆။ နှစ်ဘက်သည် မကြာသေးမီက ပင်လယ်နီအခြေအနေ တင်းမာလာမှုအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို လေးစားသင့်သည့်တစ်ချိန်တည်းတွင် ပင်လယ်နီ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ရေကြောင်း ဘေးကင်းရေးကို အာမခံပေးသင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

၇။ ကျယ်ပြန့်သော ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကို အမြန်ဆုံး ကျင်းပရန် ပန်ကြားသည်။

၈။ ဒေသတွင်းအခြေအနေ အေးစေရေးနှင့် ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်ရှားရေးတွင် အာရပ်နိုင်ငံများအဖွဲ့ချုပ်မှ အရေးပါသော အခန်းကဏ္ဍကို တရုတ်ပြည်ဘက်က ချီးကျူးပါသည်။