တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု အရှိန်ကောင်းမွန်စွာ တိုးတက်လာနေ

(GMT+08:00)2024-01-13 14:16:44  

 

  တရုတ် အကောက်ခွန်ဌာနချုပ်မှ ယခုလ ၁၂ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏသည် ယွမ်ငွေ ၄၁.၇၆ ထရီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ဝ.၂ ရာခိုင်နှုန်း တိုးလာကာ ကမ္ဘာ့ ကုန်စည် ကုန်သွယ်မှုတွင် နံပါတ် ၁ နေရာမှာ ၇ နှစ် ဆက်တိုက် ရပ်တည်သွားနိုင်မည် ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည် ကုန်သွယ်မှုပမာဏသည် သုံးလပတ်တိုင်း တိုးတက်ခဲ့ပြီး စတုတ္ထ သုံးလပတ်အတွင်း လတိုင်း တိုးတက်လာခဲ့ပါသည်။ ယင်းသည် တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှု၏ ရှေ့အလားအလာကို ပြသနေပါသည်။

  တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု အရှိန်ကောင်းမွန်စွာ တိုးတက်လာနေပါသည်။ မကြာမီက ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့သည် တရုတ်ပြည်၏ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်များကို အသီးသီး တိုးမြှင့် သတ်မှတ်ခဲ့ကြပါသည်။ နိုင်ငံတကာ အဖွဲ့အစည်း အများအပြားက ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော် ရှိပြီး ကမ္ဘာ့စီးပွားရေး၏ အကြီးဆုံး မောင်းနှင်အား အင်ဂျင် ဖြစ်မြဲ ဖြစ်နေသေးကြောင်း ခန့်မှန်းဖော်ပြထားကြပါသည်။ တရုတ်ပြည် စီးပွားရေး ဆက်တိုက် နာလန်ပြန်ထူလာခြင်းသည် သွင်းကုန် ဝယ်လိုအားနှင့် ပို့ကုန်ပမာဏကို မြှင့်တင်နေပါသည်။ ယင်း အခြေခံပေါ်တွင် အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးဆိုင်ရာ အခွင့်အလမ်းသစ် အမြောက်အမြားသည် နိုင်ငံခြားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ဈေးကွက်သစ်များ၊ နယ်ပယ်သစ်များကို ချဲ့ထွင်ပေးမည် ဖြစ်ပါသည်။ Belt and Road လက်တွဲ တည်ဆောက်မှု အဆင့်ကာလသစ်သို့ ဝင်ရောက်ခြင်း၊ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ် RCEP ဖော်ဆောင်မှု ၂ နှစ်ပြည့်မြောက်ခြင်းနှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းဆိုင်ရာ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ် လျင်မြန်စွာ တိုးမြင့်လာခြင်းတို့သည်လည်း နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။