စားသုံးမှုဆက်တိုက်တိုးချဲ့ရန် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန အဓိကထားပြီး တွန်းအားပေးမည်

(GMT+08:00)2024-01-09 16:16:55  

တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်း အစည်းအဝေးကို ဇန်နဝါရီလ ၇ရက်နေ့ မှ ၈ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလည်ပတ်မှုအခြေအနေသည် ယေဘုယျအားဖြင့် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာပြီး ပြည်တွင်းစားသုံးမှု ဆက်တိုက်ပြန်လည်ဦးမော့လာကာ နိုင်ငံခြား ကုန်သွယ်ရေးပြန်လည်ဦးမော့လာ၍ အရည်အသွေးကို မြှင့်တင်ခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အသုံးပြုမှုဖွဲ့စည်းပုံ ကောင်းမွန်တိုးတက်လာပြီး နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံမှု တီထွင်ဆန်းသစ်စွာဖွံ့ဖြိုးတိုးတက်လာကာ ဘက်ပေါင်းစုံ၊နှစ်ဦးနှစ်ဘက်စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှုသစ်များ ရရှိ၍ စီးပွားရေးဆက်တိုက် ပြန်လည် ဦးမော့လာပြီး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ကြွစွာ အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း အစည်းအဝေးမှ ထုတ်ပြန်သောသတင်းကိုကိုးကား၍ China Media Group က ရေးသားဖော်ပြပါသည်။
    ၂၀၂၄ခုနှစ်တွင် တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးဌာနများသည် အောက်ပါ လုပ်ငန်းများကို အဓိကထားပြီး လုပ်ဆောင်ကြမည် ဖြစ်ကြောင်း၊ ပထမအနေနှင့် စားသုံးမှု ဆက်တိုက်တိုးချဲ့ရန် ဆောင်ရွက်ပြီး ဈေးကွက်နှင့် လည်ပတ်မှုစနစ်ကို ပြီးပြည့်စုံကောင်းမွန် စေခြင်း ဖြစ်ကြောင်း၊ ဒုတိယအနေနှင့် နိုင်ငံခြားကုန်သွယ်ရေး မောင်းနှင်အားသစ်ကို ပြုစုပျိုးထောင်ပြီး ကုန်သွယ်ရေးအင်အားကြီးနိုင်ငံကို ပိုမိုလျင်မြန်စွာ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ တတိယ အနေနှင့် “တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန်” တံဆိပ်ကို တည်ဆောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ပမာဏ တည်ငြိမ်စေကာ အရည်အသွေး မြှင့်တင်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ စတုတ္ထအနေနှင့် တံခါးဖွင့်ရေးပလက်ဖောင်း များ၏ ထိရောက်မှုကို မြှင့်တင်ပြီး စနစ်ပုံစံတံခါးဖွင့်ရေးကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပဉ္စမအနေနှင့် “Belt and Road”ကို အရည်အသွေးမြင့်စွာ အတူတကွတည်ဆောက်ပြီး လုပ်ဆောင်မှု၈ရပ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ ဆဋ္ဌမအနေနှင့် နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံရေး တီထွင်ဆန်းသစ်မှုကို တွန်းအားပေးပြီး ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးနှင့်အဆင့်အတန်းများကို မြှင့်တင်ခြင်း ဖြစ်ကြောင်း၊ သတ္တမအနေနှင့် တစ်ကမ္ဘာလုံးစီးပွားရေး စီမံခန့်ခွဲမှုတွင် တက်ကြွစွာ ပါဝင်ပြီး ဘက်ပေါင်းစုံ၊ နှစ်ဦးနှစ်ဘက်စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း၊ အဋ္ဌမအနေနှင့် စီးပွားရေး လုံခြုံမှုကို ကာကွယ်ထိမ်းသိန်းပြီး လုံခြုံရေး အခြေခံစည်းမျဉ်းကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း အစည်းအဝေးတွင်အလေးထား ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။