ထိုင်ဝမ်အား အမေရိကန်မှ လက်နက်ပစ္စည်း ရောင်းချမှု အပေါ် တရုတ် တုံ့ပြန်မှု ပြုလုပ်

(GMT+08:00)2024-01-09 16:13:32  

ယခုလ ၇ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ “တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြား အရေးယူမှု ဆန့်ကျင်ရေး ဥပဒေ” အရ အမေရိကန် စစ်ရေး စက်မှုလုပ်ငန်း ကုမ္ပဏီ ၅ခု အပေါ် အရေးယူမှုကို ကျင့်သုံးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်းတုံ့ပြန်မှု ဆောင်ရွက်ချက်သည် မကြာခင်က အမေရိကန်ဘက်မှ ထိုင်ဝမ်အား လက်နက်ပစ္စည်း ရောင်းချမှု အကြိမ်သစ် ထုတ်ပြန်ကျင့်သုံးခြင်းနှင့် အကြောင်းပြချက် မျိုးစုံဖြင့် တရုတ် လုပ်ငန်း ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အရေးယူမှု ကျင့်သုံးခြင်း အပေါ် ရည်ရွယ်ထားပြီး အမေရိကန် လူအချို့မှ ထိုင်ဝမ် ပြဿနာကို အကြောင်းပြုပြီး တရုတ် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို တည်ကြည်လေးနက်သော သတိပေးချက် ဖြစ်ပါသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ အလယ်ပိုင်းတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် တရုတ် နိုင်ငံ ထိုင်ဝမ် ဒေသအား ကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသော လက်နက် ပစ္စည်းများကို ရောင်းချရန် ခွင့်ပြုသည်ဟု ကြေညာခဲ့ပါသည်။ ယင်းသည် ယခုအကြိမ် အမေရိကန် အစိုးရ အာဏာ ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်ဘက်မှ ထိုင်ဝမ်အား ၁၂ကြိမ်မြောက် လက်နက်ရောင်းချခြင်း ဖြစ်ပါသည်။ အမေရိကန်ဘက်၏ ဆောင်ရွက်မှုသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ၊ တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်း ၃ရပ်၊ အထူးသဖြင့် “ဩဂုတ်လ ၁၇ရက်နေ့” ပြန်တမ်းပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ San Francisco တွေ့ဆုံ ဆွေးနွေးပွဲတွင် အမေရိကန် ခေါင်းဆောင်၏ နိုင်ငံရေး ကတိပြုချက်ကို ကျောခိုင်းခြင်းလည်း ဖြစ်ပါသည်။

တရုတ်ဘက်က ထိုင်ဝမ် ပြဿနာသည် တရုတ် နိုင်ငံ အကျိုးစီးပွားများ၏ အမြုတေ ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံမှု ဆိုင်ရာ နိုင်ငံရေး အခြေခံ အုတ်မြစ်၏ အခြေခံ ဖြစ်ကာ တရုတ်-အမေရိကန် ဆက်ဆံမှုတွင် ဖြတ်ကျော်၍ မရသော အောက်ခြေ အခြေခံ စည်းမျဉ်း တစ်ခု ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပါသည်။ တရုတ်ဘက်သည် ယင်းတုံ့ပြန်မှု ဆောင်ရွက်ချက်ဖြင့် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်း ထိန်းသိမ်းကာကွယ်ရန် ခိုင်မာစွဲမြဲသော ဆန္ဒနှင့် ပြတ်သားကြံ့ခိုင်သော စိတ်ပိုင်းဖြတ်မှုကို အမေရိကန်ဘက်အား ရှင်းလင်းပြတ်သား စွာ ပြသနေပါသည်။ အမေရိကန်ဘက် အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ စွဲကိုင်ရန်နှင့် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အပေါ် အားပေးထောက်ခံမှု မပြုရန် ကတိပြုချက်ကို လက်တွေ့‌ အကောင်အထည်ဖော်ဆောင်သင့်ပါသည်။ အမေရိကန်ဘက် သည် ထိုင်ဝမ် ဒေသအား မည်သို့များပြားသော မည်သည့် လက်နက် ပစ္စည်းများကို ထောက်ပံ့ပေးသည် ဖြစ်စေ၊ တရုတ် နိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဖြစ်စဉ်ကို တားဆီးနိုင်မည် မဟုတ်ပေ။