Boeing 737 MAX 9 ခရီးသည်တင်လေယာဉ် ပျံသန်းမှုများကို ခေတ္တရပ်နားပြီး ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများပြုလုပ်ရန် ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ အမိန့်ချ

(GMT+08:00)2024-01-08 14:02:13  

အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (Federal Aviation Administration) သည် ဇန်နဝါရီလ ၆ရက်နေ့မှစ၍ Boeing 737 MAX 9 ခရီးသည်တင် လေယာဉ် ပျံသန်းမှုများကို ခေတ္တရပ်နားပြီး ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများပြုလုပ်ရန် အမိန့် ချထားပြီးနောက် ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (European Union Aviation Safety Agency) သည်လည်း အလားတူအစီအစဉ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
    ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီသည် Boeing 737 MAX 9 ခရီးသည်တင် လေယာဉ်အတွက် အမေရိကန်ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးဌာန၏ အရေးပေါ် ညွှန်ကြားချက်ကို လက်ခံခဲ့ပြီ ဖြစ်ကြောင်း ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီမှ ထုတ်ပြန်သော သတင်းကိုကိုးကား၍ ရိုက်တာသတင်းဌာနသည် ဇန်နဝါရီလ ၇ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။
    ဇန်နဝါရီလ ၅ရက်နေ့ ညက အမေရိကန် Alaska Airlinesမှ Boeing 737 MAX 9 ခရီးသည်တင်လေယာဉ်တစ်စင်းသည် Portland မြို့မှ ထွက်ခွာပြီး မကြာမီတွင် အရေးပေါ်တံခါးတစ်ခုသည် လေယာဉ်ကိုယ်ထည်မှ ရုတ်တရက်ပွင့်သွားကာ လေယာဉ်ခန်း အတွင်း ဖိအားများ လျှပ်တစ်ပြက်ဆုံးရှုံးသွားခဲ့ကြောင်း၊ လေယာဉ်သည် အရေးပေါ် ဆင်းသက်ခဲ့ရပြီး လူသေကျေအနာတရဖြစ်မှု မရှိကြောင်း သတင်းအရ သိရပါသည်။