တရုတ်နှင့်ရုရှား ထိပ်သီးခေါင်းဆောင်များ နှစ်သစ်ကူးဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန် ပေးပို့

(GMT+08:00)2024-01-01 11:09:22  

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် နှစ်သစ်ကူးဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့်တရုတ်ပြည်သူများကိုယ်စား သမ္မတပူတင်နှင့် ရုရှားပြည်သူများအား ဆုမွန်ကောင်းတောင်းခဲ့ပါသည်။ ရှီကျင့်ဖိန်က ၂၀၂၃ခုနှစ်က ရာစုနှစ်အပြောင်းအလဲများနှင့် မတည်မငြိမ်သော နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများနှင့်ရင်ဆိုင်လျက် တရုတ်-ရုရှားဆက်ဆံရေးသည် တစ်လျှောက်လုံး ပုံမှန်တည်ငြိမ်စွာ တိုးတက်လာ၍ မှန်ကန်သောလမ်းကြောင်း အတိုင်း တည်ငြိမ်စွာ ချီတက်လာကြောင်း၊ တရုတ်-ရုရှား နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ဖြစ်သည့် ရည်မှန်းချက်ကို လျာထားသည်ထက် စောပြီး ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အားကစား ကူးလူး ဖလှယ်ရေးနှစ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းပြည်သူဆန္ဒဆိုင်ရာ အခြေခံများ ပိုမိုခိုင်မာလာကြောင်း ဖော်ပြခဲ့ပါသည်။

ပူတင်သည် သမ္မတရှီကျင့်ဖိန်အား နှစ်သစ်ကူးပွဲတော်နှုတ်ခွန်းဆက်သခဲ့ပြီး ချစ်ကြည်သောတရုတ်ပြည်သူများ ချမ်းမြေ့ကျန်းမာပါစေဟု ဆုမွန်ကောင်းတောင်ခဲ့ပါသည်။ ပူတင်က ပြီးခဲ့သည့်နှစ်တစ်နှစ်တွင် မိမိတို့သည် တွေ့ဆုံပွဲကို နှစ်ကြိမ်ကျင်းပခဲ့ပြီး ရုရှား-တရုတ် ခေတ်သစ်ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး အတွက် အားကောင်းစွာတွန်းအားပေးခဲ့ကြောင်း၊ နှစ်ဖက်တို့၏ အတူ ကြိုးပမ်းအားထုတ်ခြင်းဖြင့် နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုများသောအောင်မြင်မှုရလဒ်များ ရရှိနိုင်မှာဖြစ်ပြီး ကုလသမဂ္ဂ၊ ဂျီ-၂၀အုပ်စု၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS မူဘောင်အတွင်း နှစ်နိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက်မှုသစ်ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mishustinတို့သည်လည်း နှစ်သစ်ကူးဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြ ပါသည်။