တရုတ်နှင့် အမေရိကန် ခေါင်းဆောင်များသည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-01-01 14:31:11  

   ဇန်နဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ဘန်ဒန်တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။

  ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး သမိုင်းတွင် အရေးကြီးသည့် အကြောင်းကိစ္စ ဖြစ်ကြောင်း၊ ၄၅ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် အခက်အခဲများ ကြုံတွေ့ခဲ့ပြီး တစ်ခုလုံးခြုံပြီး ရှေ့သို့ တိုးတက်လာကာ နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာသုခကို တိုးမြှင့်ခဲ့ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကိုလည်း တိုးမြှင့်ခဲ့ကြောင်း၊ အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ခြင်းသည် တရုတ်နှင့် အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ၏ မှန်ကန်သော ယှဉ်တွဲနေထိုင်ရေး လမ်းကြောင်း ဖြစ်ခြင်းကို သမိုင်းက ပြည့်ပြည့်စုံစုံ သက်သေပြခဲ့ပြီ ဖြစ်ပြီး ဆက်လက်ပြီးလည်း သက်သေပြမည် ဖြစ်ကာ ယင်းသည် ခေတ်သစ်တွင် နှစ်ဖက်တို့ လက်တွဲ ကြိုးပမ်းရန် ဦးတည်ချက် ဖြစ်သင့်ပါကြောင်း ဖော်ပြထားပါသည်။

  ဘိုင်ဒန်က ၁၉၇၉ ခုနှစ်က သံတမန် ဆက်ဆံရေး ထားရှိလာကတည်းက အမေရိကန်နှင့် တရုတ် ဆက်ဆံရေးသည် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာ စည်ပင်သာယာရေးနှင့် အခွင့်အလမ်းများကို တိုးမြှင့်ခဲ့ကြောင်း၊ မိမိတို့၏ ယခင်ခေါင်းဆောင်များနှင့် မိမိတို့၏ အကြိမ်များစွာ တွေ့ဆုံဆွေးနွေးမှုများတွင် ရရှိခဲ့သည့် တိုးတက်မှုများ အခြေခံပေါ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက် တိုးမြှင့်ရန် မိမိ မျှော်လင့်ပါကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။