မင်္ဂလာရှိသောနှစ်သစ်ကိုကြိုဆိုခြင်း

(GMT+08:00)2024-01-01 19:15:23  

      

      နှစ်ဟောင်းကုန်ဆုံးလို့ မင်္ဂလာရှိသောနှစ်သစ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်ဟောင်းမှာ တွေ့ကြုံခံစားခဲ့ရသောအခက်အခဲ၊ ပြဿနာများကို ဖြတ်သန်းကျော်လွှားရင်း ရရှိခဲ့သော သင်ခန်းစာများကို နှစ်သစ်မှာ ပြုပြင်ဖော်ဆောင်ပြီး ရှေ့ခရီးကို ဆက်ရမှာဖြစ်သကဲသို့ နှစ်ဟောင်းမှ ကောင်းမြတ်သောအမွေ၊ အလုပ်အကိုင်များ၊ အတွေးအခေါ်များ၊ ရည်မှန်းချက်များကိုလည်း ဆက်လက်သယ်ဆောင်ရင်း နှစ်သစ်မှာလူသားတို့ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး၊ ကမ္ဘာကြီးရဲ့ အကျိုးကို စဥ်ဆက်မပြတ်ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။       

       တရုတ်နိုင်ငံဟာ ၂၀၂၃ခုနှစ် ဖြစ်သောနှစ်ဟောင်းကာလအတွင်းမှာ ကောင်းသောအမွေ၊ အလုပ်အကိုင်တွေ၊ အတွေးအခေါ်တွေ၊ ရည်မှန်းချက်တွေကို ထားရှိဖော်ဆောင်ချမှတ်နိုင်ခဲ့ပြီး နိုင်ငံနဲ့ကမ္ဘာကြီးအတွက် များစွာအကျိုးပြုခဲ့တာတွေ့ရှိရပါတယ်။ တရုတ်နိုင်ငံဟာ တရုတ်အသွင်ခေတ်မီမှုပုံစံကို ကျင့်သုံးပြီး နိုင်ငံအတွင်းနဲ့ ကမ္ဘာ့နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုအစီအမံတွေ ချမှတ်ဖော်ဆောင်ခဲ့သလို နိုင်ငံတကာဆက်ဆံရေးမှာလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကိစ္စရပ်တွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို နှစ်ဘက်ပွင့်လင်းစွာဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

                                     

         ၂၀၂၃ခုနှစ်အတွင်း ဒေသတွင်းနဲ့နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်အနေနဲ့ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ရက်နေ့များက တရုတ်နိုင်ငံပေကျင်းမြို့မှာ တတိယအကြိမ်မြောက်Belt and Road အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်ကို ကျင်းပခဲ့ပြီး အနာဂတ်ကာလတည်ဆောက်ရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆွေးနွေးအတည်ပြုဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ပါတယ်။ ဒီထိပ်သီးဖိုရမ်မှာ အမေရိကန်ဒေါ်လာ(၉၇ဒသမ၂ )  ဘီလီယံတန်ဖိုးရှိတဲ့ စီးပွားရေးစီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တစ်ကယ်တော့ သမ္မတရှီဟာ ၂၀၁၃ခုနှစ် မှစတင်ခဲ့တဲ့ Belt and Road စီမံကိန်းကာလအတွင်း ၁ဒသမ၄ ဘီလီယံကျော်သောတရုတ်ပြည်သူများအကြား အားကောင်းသောဖွံ့ဖြိုးတိုးတက်မှုတွေကို စီမံဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

         ဒါ့အပြင် သမ္မတရှီဟာ၂၀၂၃ခုနှစ် နိုဝင်ဘာ၁၆ရက်နဲ့ ၁၇ရက်နေ့များက အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကို မြို့မှာကျင်းပတဲ့အကြိမ် (၃၀)မြောက်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ပြီး တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံဖြိုးမှုဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ဖို့ ချပြဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံက ယခုလို ဒေသတွင်းနဲ့ နိုင်ငံများအကြား တရုတ်အသွင်ခေတ်မီမှုပုံစံလမ်းစဥ်နှင့်အညီ မိမိနိုင်ငံသာမက ကမ္ဘာနိုင်ငံများအကြား ပါစီးပွားရေးဖွံဖြိုးမှုဆိုင်ရာတွေကို အလေးပေးကူညီဖော်ဆောင်ပေးခဲ့တာကြောင့် လွန်ခဲ့တဲ့၄၅နှစ်ကာလ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုလုပ်ဆောင်ချိန်ကစလို့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တရုတ်နိုင်ငံရဲ့အကျိုးပြုနှုန်းဟာ ၃၀ရာခိုင်နှုန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

       ပြီးခဲ့တဲ့နှစ်အတွင်း ထူးခြားတဲ့နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ခေါင်းဆောင် သမ္မတပူတင်နဲ့ ရုရှားနိုင်ငံမော်စကိုမြို့မှာ မတ်လ ၂၀ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါတယ်။ အလားတူပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုဝင်ဘာ၁၅ရက်နေ့က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်ဘက်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြီး အောင်မြင်မှုရခဲ့တာဟာလည်း ထူးခြားတဲ့မှတ်တိုင်တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။            

           တကယ်တော့ လာမယ့်နှစ်သစ်၂၀၂၄ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း(၇၅)နှစ်၊ စိန်ရတုကာလပြည့်မြောက်တဲ့နှစ်ဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖိန်ဟာ စိန်ရတုကာလ၂၀၂၄ခုနှစ် နှစ်သစ်အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာမှာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ရည်မှန်းချက်တွေကို ခုလိုပဲထုတ်ဖော်ပြောကြားသွားတာ တွေ့ရပါတယ်-

               "ကျွန်တော်တို့ဟာ တရုတ်အသွင်ပုံစံခေတ်မီရေးကို ဦးလည်မသုန်တွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ကို ပြည့်စုံ၊ တိကျစွာ ဘက်စုံဖော်ဆောင်ရမှာဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ် ဖွဲ့စည်းတည်ဆောက်ခြင်းကို တိုးမြှင့်ရမှာဖြစ်ပါတယ်။ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကို ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ တိုးတက်မှုရှာကြံခြင်းကို စွဲကိုင်ပြီး စီးပွားရေးရေရှည်တည်ငြိမ်စွာဖွံ့ဖြိုးမှုကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဘက်စုံဇောက်ချပြုလုပ်ရမှာ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုယုံကြည်စိတ်နဲ့ စီးပွားရေးရှင်သန်မှုစွမ်းအားကို တိုးမြှင့်ရမှာဖြစ်ပါတယ်" လို့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

      အလားတူနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သတ်ပြီးလည်း သမ္မတရှီက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာ ခုလိုပဲထည့်သွင်းပြောကြားခဲ့ပါတယ်-

        "ကျွန်တော်ဟာ နိုင်ငံတစ်ချို့ကို သွားရောက်ပြီး နိုင်ငံတကာအစည်းအဝေးတစ်ချို့ကို တက်ရောက်ခဲ့ကာ မိတ်ဆွေဟောင်းနဲ့ မိတ်ဆွေသစ်များစွာနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ခံယူချက်များကို မျှဝေပြီး အပြန်အလှန်နားလည်သိရှိမှုများ နက်ရှိုင်းလာပါတယ်။ ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုဟာ အစဥ်တစိုက် အဓိက ရေစီးကြောင်းဖြစ်ပြီး အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဟာ အစဥ်တစိုက် မှန်ကန်သောလမ်းကြောင်းပဲ ဖြစ်ပါတယ်" ဟူ၍ တရုတ်နိုင်ငံရဲ့ သဘောထား၊ခံယူချက်ကိုဖော်ညွန်းပြောကြားခဲ့ပါတယ်။

          ထို့ပြင် အနာဂတ်ကာလ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့ အမြင်သဘောထားကိုလည်း သမ္မတရှီကခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်-

            "လက်ရှိအချိန်မှာ ကမ္ဘာ့နေရာအချို့မှာ စစ်ပွဲများဖြစ်ပွားနေပါတယ်။ တရုတ်ပြည်သူများဟာ ငြိမ်းချမ်းရေးရဲ့တန်ဖိုးရှိမှုကို လေးနက်စွာနားလည်သိရှိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာ မိသားစုကြီးနဲ့အတူ လူသားများရဲ့ရှေ့အလားအလာကို ရှေးရှုပြီး ပြည်သူများရဲ့ချမ်းသာသုခအတွက် လူသားကံကြမ္မာတူ အသိုက်အဝန်းတည်ထောင်ခြင်းကို တွန်းအားပေးရင်းပိုမိုလှပတဲ့ကမ္ဘာကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဟူ၍ဖြစ်ပါတယ်။

          တကယ်တော့ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်းဟာ အဓိကကျပြီး အဲဒါတွေပေါ် အခြေခံလို့ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆာက်ကြရတာဖြစ်ပါတယ်။ ကမ္ဘာ့ကြီးအေးချမ်းတည်ငြိမ်ဖို့ဆိုတာ ကမ္ဘာ့လူသားတွေကသာ ဖော်ဆောင်ရတာမို့ ကမ္ဘာသူကမ္ဘာသားများအနေဖြင့် နှစ်ဟောင်းမှ အမွေဆိုးများကိုစွန့်၊ အမွေကောင်းများကို ဆက်လက်သယ်ဆောင်ပြီး ပိုမိုထွန်းလင်းတောက်ပတဲ့၊ သာယာဝပြောတဲ့ကမ္ဘာကြီးကို ပုံဖော်တည်ဆောက်နိုင်ဖို့ မျှော်မှန်းရင်းမင်္ဂလာရှိသောနှစ်သစ်ကို ကြိုဆိုကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတယ်။   ။

                                                                                                                                            ရေးသူ-ဖြိုးဝေလှိုင်