မတည်မငြိမ် ဖြစ်နေသော ကမ္ဘာတွင် တရုတ် နိုင်ငံသည် ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုစွမ်းဆောင်သူနှင့် နိုင်ငံတကာ စည်းစနစ် ထိန်းသိမ်း ကာကွယ်သူဖြစ်

(GMT+08:00)2023-12-29 13:22:55  

“တရုတ် နိုင်ငံသည် နိုင်ငံတကာ ဩဇာသက်ရောက်မှု၊ ဆန်းသစ်တီထွင်ရေး ဦးဆောင်မှုနှင့် ကျင့်ဝတ်တရား ဆိုင်ရာ လှုံ့ဆော်မှု ပိုရှိသည့် တာဝန်ယူတတ်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပြီ ဖြစ်ကြောင်း” ယခုလ ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ ဘေကျင်းတွင် ကျင်းပခဲ့သော တရုတ် ဗဟို နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေး၌ ကောက်နှုတ်ချက် ချခဲ့ပါသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက်သူ

၂၀၂၃ခုနှစ် ကမ္ဘာ့ အခြေအနေကို ပြန်လည်သုံးသပ်ရာတွင် “စစ်ပွဲ”သည် အဓိကကျသော စာလုံး ဖြစ်သည်ကို တွေ့ရပါသည်။ ဗြိတိန် နိုင်ငံတကာ မဟာဗျူဟာ သုတေသန ဌာနမှ ယခုလ ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ဒေသတွင်း ပဋိပက္ခ ၁၈၃ခုထက်မနည်း ဖြစ်ပွားပြီး လွန်ခဲ့သည့် နှစ်ပေါင်း၃၀ အတွင်း အများဆုံး ဖြစ်ကြောင်း သိရပါသည်။

တရုတ် နိုင်ငံသည် အပစ်အခတ် ရပ်စဲရန်နှင့် ပဋိပက္ခများ အဆုံးသတ်ရန် အတွက် ကြားဝင်ဖျန်ဖြေမှုများကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဥပမာ ပြောရလျှင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ဖြေရှင်းရေး အတွက် အရင်းခံ နည်းလမ်းမှာ “နိုင်ငံ ၂နိုင်ငံ” အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် ဖြစ်ကြောင်း တရုတ် နိုင်ငံက နေရာများစွာတွင် အလေးထား ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုစွမ်းဆောင်သူ

    ၂၀၂၃ခုနှစ်တွင် တရုတ် စီးပွားရေးသည် ဆက်တိုက် ပြန်လည် ကောင်းမွန်လာပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ် နိုင်ငံ၏ GDPသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၂ရာခိုင်နှုန်း တိုးလာကာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြီးဆုံး တွန်းအားပေးမှု ဖြစ်မြဲ ဖြစ်နေပါသေးသည်။ ယခုနှစ်သည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် ၄၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲ၊ တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ၊ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၊ တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲနှင့် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေး ကွင်းဆက် တိုးမြှင့်ရေး ကုန်စည်ပြပွဲ စသည့် နိုင်ငံတကာ ကုန်စည်ပြပွဲများ ကျင်းပခဲ့ပြီး တရုတ် နိုင်ငံသည် ကမ္ဘာအား တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်နေပါသည်။

နိုင်ငံတကာ စည်းစနစ် ထိန်းသိမ်း ကာကွယ်သူ

   ယခုနှစ်တွင် BRICSပူးပေါင်းဆောင်ရွက်ရေး ယန္တရားသည် အာဂျင်တီးနားနှင့် အီဂျစ် စသည့် ၆နိုင်ငံအား အဖွဲ့ဝင် အသစ်များ အဖြစ် လက်ခံခဲ့ပါသည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည်လည်း အဖွဲ့ဝင်သစ်များကို လက်ခံခဲ့ပါသည်။ အာဖရိက အဖွဲ့ချုပ်သည် G20တွင် တရားဝင် ပါဝင်ခဲ့ပါသည်။ ယခုနှစ်တွင် တစ်ကမ္ဘာလုံးက ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဩဇာသက်ရောက်မှုသည် တစ်နေ့တခြား ကြီးမားလာပြီး ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်းကို တွန်းအားပေးနေပါသည်။

၂၀၂၃ခုနှစ်တွင် တရုတ် နိုင်ငံသည် ကိုယ့်ဆောင်ရွက်ချက်များဖြင့် နိုင်ငံကြီး တစ်နိုင်ငံ၏ တာဝန်ယူတတ်ခြင်းကို ပြသနေပါသည်။ ၂၀၂၄ခုနှစ်တွင် တရုတ် နိုင်ငံသည် ကမ္ဘာ့ အခြား နိုင်ငံများနှင့် ပိုမို ကောင်းမွန်စွာ ကူးလူးဆက်ဆံပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။