ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၏ နှစ်သစ်ကူး လက်ဖက်ရည်ပွဲတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2023-12-29 21:29:44  

   

   တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီသည် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ခန်းမဆောင်ကြီး၌ နှစ်သစ်ကူး လက်ဖက်ရည်ပွဲ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လက်ဖက်ရည်ပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ခြင်းကို ဘက်စုံ တွန်းအားပေးရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးလုပ်ငန်းသည် ခေတ်သစ် ခရီးစဉ်သစ်တွင် ပါတီနှင့် နိုင်ငံတော်၏ အဓိက လုပ်ငန်းတာဝန်များ ဖြစ်ပြီး ခေတ်သစ်တွင် အရေးကြီးဆုံးသော နိုင်ငံရေးလုပ်ငန်း ဖြစ်ကြောင်း၊ မိမိတို့သည် အကျယ်ပြန့်ဆုံးသော တိုင်းချစ်ပြည်ချစ် ညီညွတ်ရေး တပ်ပေါင်းစုကို ခိုင်ခံ့ တိုးတက်စေရမည် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်စွာ အင်အားစုစည်းပြီး မွန်မြတ်သော လုပ်ငန်းအတွက် ကြိုးပမ်းအားထုတ်ကာ တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ ထည်ဝါသာယာသော အခန်းကဏ္ဍသစ်ကို လက်တွဲ ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ရေးကော်မရှင် ကိုယ်စား၊ ဒီမိုကရေစီ ပါတီအသီးသီး၊ စက်မှုနှင့် ကုန်သွယ်ရေး အသင်းချုပ်နှင့် တသီးပုဂ္ဂလများအားလည်းကောင်း၊ တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများအားလည်းကောင်း၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ဖွားများအား လည်းကောင်း၊ တရုတ်ပြည် ခေတ်မီရေး တည်ဆောက်မှုကို အားပေးထောက်ခံသော နိုင်ငံအသီးသီးမှ မိတ်ဆွေများအား လည်းကောင်း နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။