အာဂျင်တီးနားသမ္မတမီလည်က အစိုးရ၀န်ထမ်း ၅၀၀၀ ကျော်ကို အလုပ်မှထုတ်ပစ်မည်ဟု ကြေညာ

(GMT+08:00)2023-12-29 16:04:40  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၆ရက်နေ့က အာဂျင်တီးနား၏ လက်ရှိသမ္မတမီလည်သည် ၂၀၂၃ ခုနှစ် သမ္မတတာဝန်မထမ်းဆောင်မီ ငှားရမ်းထားသော အစိုးရဝန်ထမ်းများ၏ စာချုပ်များကို သက်တမ်းတိုးမည်မဟုတ်ဟု ကြေညာခဲ့ကြောင်း၊ အစိုးရသစ်က ဝန်ထမ်း ၅၀၀၀ ကျော်ကို အလုပ်မှထုတ်ပစ်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းဆုံးဖြတ်ချက်ကြောင့် မီလည်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်ကန့်ကွက်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြောင်း၊ မီလည်က အဆိုပါအမိန့်သည် အာဂျင်တီးနား၏ ညံ့ဖျင်းသောစီးပွားရေးအခြေအနေများနှင့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ဆောင်ရွက်မှု တစ်ခုဖြစ်သည်ဟု ဖော်ပြကြောင်း၊ သက်ဆိုင်ရာ အစီရင်ခံစာအရ အာဂျင်တီးနား၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်ကုန်ပိုင်းတွင် ရာခိုင်နှုန်း၂၀၀အထိ တိုးသွားမည်ဖြစ်ကြောင်း ခန့်မှန်းသည်ဟု သိရပါသည်။ အစိုးရ အသုံးစရိတ် ဘက်စုံလျှော့ချခြင်းနှင့် ငွေကြေးတန်ဖိုးကျဆင်းစေခြင်းအစီအစဉ်များမှတစ်ဆင့် အာဂျင်တီးနား၏ ဒုက္ခရောက်နေသော စီးပွားရေးကို ပြောင်းလဲစေနိုင်မည်ဟု မီလည်က ယုံကြည်ကြောင်း သတင်းအရ သိရပါသည်။