တရုတ်ပြည်သူ့လုံခြုံရေးဌာနများသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးအား ဖမ်းဝရမ်းထုတ်

(GMT+08:00)2023-12-29 16:07:45  

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အားဖြည့် နှိမ်နင်းတိုက်ဖျက်ပြီး ပြည်ပမူးယစ်ဆေးဝါးများ တရုတ်နိုင်ငံသို့ စိမ့်ဝင်မှုများကို အစွမ်းကုန် တားဆီးကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူ့လုံခြုံရေး ဌာနများသည် သက်ဆိုင်ရာပြစ်မှုကျူးလွန်မှုအဖြစ်မှန်နှင့် သက်သေအထောက်အထား အပြည့်အဝ ဆုပ်ကိုင်ထားသည့် အခြေခံပေါ်တွင် Zhang Anlong နှင့် Zeng Xiaoyong အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးအား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
    တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Binzhou မြို့ ပြည်သူ့လုံခြုံရေးဌာနသည် Zhang Anlong ၊ Ma Wenxiang နှင့် Wu Yuyang တို့အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း၊ ဟူနန်ပြည်နယ် Zhuzhou မြို့ ပြည်သူ့လုံခြုံရေးဌာနသည် Yang Jinmei အား ဆုကြေးငွေ ပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း၊ ကျန်းစီပြည်နယ် Xingan ခရိုင် ပြည်သူ့လုံခြုံရေးဌာနသည် Zeng Xiaoyong ၊ Li Guoping နှင့် Sun Qiang တို့အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း၊ ကျဲ့ကျန်းပြည်နယ် Wenzhou မြို့ ပြည်သူ့လုံခြုံရေးဌာနသည် Yan Huanping အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း၊ စိချွမ်းပြည်နယ် Suining မြို့ ပြည်သူ့လုံခြုံရေးဌာနသည် Mu Chaodong အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်း ထုတ်ကြောင်း၊ ကွေ့ကျိုးပြည်နယ် Qiandongnan ပြည်နယ်ခွဲ ပြည်သူ့လုံခြုံရေးဌာနသည် Long Hua အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း သတင်းအရ သိရပါသည်။
    တရုတ်ပြည်သူ့လုံခြုံရေးဌာနများသည် Zhang Anlong နှင့် Zeng Xiaoyong အပါအဝင် မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးအား အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး အပြစ်ဝန်ခံ၍ အဖမ်းခံကာ သက်ညှာခွင့်ရရှိရန် ကြိုးပမ်းတိုက်တွန်းကြပါသည်။ တစ်ချိန်တည်းတွင် လုပ်ငန်းပေါင်းစုံနှင့် ပြည်သူလူထုများအား တက်တက်ကြွကြွ သတင်းပို့ပြီး တရားခံပြေး ဖမ်းဆီးရာတွင် အကူအညီပေးရန် မျှော်လင့်ကြောင်းလည်း ဖော်ပြကြပါသည်