အဘယ်ကြောင့် နာမည်ကျော် နိုင်ငံတကာ ကုမ္ပဏီအချို့သည် အမေရိကန်တွင် စက်ရုံတည်ထောင်ရန် စီမံကိန်းကို လက်လွှတ်(သို့) ရွှေ့ဆိုင်းခဲ့သနည်း

(GMT+08:00)2023-12-26 14:51:01  

မကြာခင်က Tesla အတွက် ဘက်ထရီ ထောက်ပံ့ပေးသည့် ဂျပန် Panasonic ကော်ပို‌ရှေးရှင်းက အမေရိကန် Oklahomaပြည်နယ်တွင် ဘက်ထရီ စက်ရုံ တည်ထောင်ရန် စီမံကိန်းကို လက်လွှတ်လိုက်သည်ဟု ကြေညာခဲ့ပါသည်။ အလားတူပင် ယခုနှစ်၌ အခြား နာမည်ကျော် နိုင်ငံတကာ ကုမ္ပဏီအချို့သည်လည်း အမေရိကန်တွင် စက်ရုံတည်ထောင်ရန် စီမံကိန်းကို လက်လွှတ် (သို့) ရွှေ့ဆိုင်းခဲ့ပါသည်။

လုပ်ငန်း ကုမ္ပဏီ တစ်ခု အနေနှင့် ဒေသ တစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီး စက်ရုံ မတည်ထောင်ခင်  ကုန်ကျစရိတ်၊ အကျိုးဖြစ်ထွန်းမှု၊ ၄င်းဒေသ၏ ဈေးကွက်၊ ပတ်ဝန်းကျင် တစ်ခုလုံးနှင့် လုပ်ငန်းတွဲဖက်အရာများကို စဉ်းစားပြီး ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ကာ ဆင်ခြင်စွာ ဆုံးဖြတ်ရန် လိုအပ်ပါသည်။

Panasonic ကော်ပို‌ရှေးရှင်းက လက်ရှိ အမေရိကန် နိုင်ငံ Kansasပြည်နယ်တွင် တည်ဆောက်နေဆဲ ဖြစ်သော စက်ရုံ၏ ကုန်ကျစရိတ်သည် ကြိုတင်ခန့်မှန်းသည်ထက် ပိုမြင့်သောကြောင့် Oklahomaပြည်နယ်တွင် စက်ရုံနောက်တစ်ရုံ တည်ထောင်ရန် အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်တွင် စက်ရုံတည်ထောင်ရန် ကုန်ကျစရိတ် မြင့်မားခြင်း၊ စက်မှုလုပ်ငန်း ဆိုင်ရာ မူဝါဒများ ဆက်တိုက် ကျင့်သုံးမှု မရှိခြင်း၊ ငွေကြေးလုပ်ငန်း အပေါ် ဦးစားပေးသည့် စီးပွားရေး ဖွဲ့စည်းပုံ ဖြစ်ခြင်း စသည်များကြောင့် ကုန်ထုတ်လုပ်ငန်း ပြန်လည်ရှင်သန်ရေး အတွက် အခက်အခဲများ တိုးပွားစေခဲ့ကြောင်း သုံးသပ်သူများက ယူဆကြပါသည်။

ပိုပြီး အရေးကြီးသည့် အချက်မှာ လုပ်ငန်း ကုမ္ပဏီများသည် တည်ငြိမ်ပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိသည့် မက္ကရို စီးပွားရေးနှင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှု ပတ်ဝန်းကျင် ရှိနိုင်ရန် မျှော်လင့်ကြပါသည်။ သက်ဆိုင်ရာ ပညာရှင်များက အမေရိကန် ကြွေးမြီ ပမာဏ စံချိန်သစ် တင်ခဲ့ပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေသေးကာ ကုန်ထုတ်လုပ်ငန်း အလုပ်သမားများ သပိတမှောက်မှု မကြာခဏ ပြုလုပ်၍ ရုတ်တရက် နိုင်ငံရေး အဖြစ်အပျက်များ ဖြစ်ပွားသောကြောင့် လုပ်ငန်း ကုမ္ပဏီများသည် အမေရိကန်၏ စီးပွားရေး ပတ်ဝန်းကျင် အပေါ် စိုးရိမ်မှု ရှိနေကြောင်း၊ ထို့အပြင်၊ အမေရိကန်မှ စီးပွားရေး ကိစ္စကို နိုင်ငံရေး ကိစ္စ အဖြစ် လုပ်ဆောင်ခြင်းသည် လုပ်ငန်းကုမ္ပဏီများ၏ ယုံကြည်မှုနှင့် တက်ကြွမှုကို ထိခိုက်စေခဲ့ကြောင်း ယူဆကြပါသည်။