တရုတ်နိုင်ငံနှင့် ဆွေးနွေးပြီးနောက် ဖိလစ်ပိုင်သည် လမ်းမှားစွန့်၍ လမ်းမှန်ပေါ် ပြန်လည် လျှောက်လှမ်းသင့်ပြီ

(GMT+08:00)2023-12-22 15:12:54  

ယခုလ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မာနာလိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင် ဆက်ဆံမှုသည် တောင်ပင်လယ် ရေးရာ ပြဿနာကြောင့် လိပ်ခဲတင်းလင်း ဖြစ်နေသည့် ခုလိုအချိန်အခါတွင် ယင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းသည် လူအများ၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။

    တောင်ပင်လယ်ရေးရာတွင် ကတိကဝတ်ကို ကျောခိုင်းပြီး ရန်စမှု ပြုခဲ့သူသည် ဖိလစ်ပိုင်နိုင်ငံ ဖြစ်သည်။ ပြင်ပမှ အင်အားများကို အားကိုးပြီး အခြေအနေ တင်းမာအောင် ပြုလုပ်သူသည် ဖိလစ်ပိုင်နိုင်ငံ ဖြစ်သည်။ သတင်းအတုကိုဖြန့်ပြီး တရုတ်နိုင်ငံအား အိုးမည်းသုတ်ကာ ဒေသတွင်း တည်ငြိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်နေသူသည်လည်း ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါသည်။ ဖိလစ်ပိုင်၏ လုပ်ရပ်သည် လောင်းကစားကဲ့သို့ အန္တရာယ်ကြီးမားသည့် ကိစ္စကို လုပ်နေခြင်းပင် ဖြစ်သည်။

    ကြာရှည်သည့် အချိန်ကာလအတွင်း တရုတ်နိုင်ငံသည် စိတ်ရှည်ရှည်ထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ဆောင်ရွက်ကာ ရည်ရွယ်ချက်မှာ ဖိလစ်ပိုင်နှင့် တောင်ပင်လယ်တွင် အငြင်းပွားမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်ပင် ဖြစ်သည်။ သို့သော် ယင်းသည် တရုတ်နိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာ ရေးရာတွင် အလျှော့ပေးမည်ဟုတော့ အဓိပ္ပာယ်ဆောင်သည် မဟုတ်ပေ။ ယခုအကြိမ် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် တရုတ်ပြည်ဘက်က အကယ်၍ ဖိလစ်ပိုင်ဘက်သည် အခြေအနေကို မှားယွင်းစွာ အကဲဖြတ်ပြီး ဇွတ်အတင်း လုပ်ဆောင်ပါက ဒီထက်မက မကောင်းသော ရည်ရွယ်ချက်ပါသည့် ပြင်ပ အင်အားစုနှင့် ပူးပေါင်းပြီး အခြေအနေ ရှုပ်ထွေးလာအောင် ဆက်လက် လုပ်ဆောင်ပါက တရုတ်နိုင်ငံသည် ဥပဒေနှင့်ညီ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ပါ့မည်ဟု ရှင်းလင်း ပြတ်သားစွာ ဖော်ပြခဲ့သည်။ ယင်းသည် ရှင်းလင်းပြတ်သားသော သတိပေးချက် တစ်ရပ် ဖြစ်သည်ကို ဖိလစ်ပိုင်ဘက် နားလည်နိုင်ရန် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါသည်။ အထူးသဖြင့် သော့ချက်ကျသည့် အချိန်အခါတွင် ပြင်ပ အင်အားစုမှ ရောင်းစားခြင်း မခံရန်လည်း ဖိလစ်ပိုင်က သတိထားသင့်ပါသည်။

   ယခုအကြိမ် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် ဖိလစ်ပိုင်ဘက်က တရုတ်ပြည်ဘက်နှင့် ဆွေးနွေးမှုများကို အားဖြည့်ပြီး နှစ်နိုင်ငံအကြား ပင်လယ်ရေးရာ ကူးလူးဖလှယ်ရေးစနစ်၏ အစွမ်းဖြစ်ထွန်းမှုကို ကောင်းမွန်စွာ ဖော်ဆောင်၍ ပြဿနာ ဖြေရှင်းရေး နည်းလမ်းကို အတူရှာကြံနိုင်ရန် မျှော်လင့်သည်ဟု ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် ဆွေးနွေးထိတွေ့ဆက်ဆံရန် တံခါးကို ပိတ်ထားမည် မဟုတ်ပေ။ ဖိလစ်ပိုင် အနေနှင့် လမ်းမှားစွန့်၍ လမ်းမှန်ပေါ် ပြန်လည် လျှောက်လှမ်းနိုင်ရန်၊ သဘောကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ကတိကဝတ်ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရန် မျှော်လင့်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။