တရုတ်ကုမ္ပဏီကို ရည်ညွှန်းသည့် ဗြိတိန်၏ လုပ်ရပ်သည် ကိုယ့်အတတ်ကိုယ်စူးသာ ဖြစ်လိမ့်မည်

(GMT+08:00)2023-12-20 11:27:49  

   မကြာမီက ဗြိတိန် မီဒီယာမှ ဗြိတိန်နိုင်ငံ လျှပ်စစ်ဓာတ်အားကွန်ရက် National Grid သည် လုံခြုံရေး ကို အကြောင်းပြပြီး တရုတ်လုပ်ငန်းကုမ္ပဏီမှ ထောက်ပံ့သည့် assembly အစိတ်အပိုင်းကို ဖြုတ်ချပစ်ခဲ့သည်ဟုသတင်းဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ယင်းနှင့်ပတ်သက်ပြီး ဗြိတိန် National Grid က တိုက်ရိုက် တုံ့ပြန်မှု မရှိဘဲ အခြေခံအဆောက်အအုံ လုံခြုံရေးကို လွန်စွာ အလေးထားပြီး ထိရောက်သည့် ထိန်းချုပ်ရေး ဆောင်ရွက်မှု ပြုလုပ်သည်ဟုသာ ကြေညာချက် ထုတ်ပြန်ပြီး မရေမရာ ပြောဆိုခဲ့သည်။ အကဲခတ်သူများက ယင်းသတင်း စစ်မှန်ပါက ယင်းသည် ဗြိတိန်က တရုတ် လုပ်ငန်းကုမ္ပဏီအား သရုပ်ဖျက် အိုးမည်းသုတ်ခြင်းနှင့် တရုတ် ခြိမ်းခြောက်မှု ဟူသည်ကို ဝါဒဖြန့်နေခြင်းလုပ်ရပ်ပင် ဖြစ်ပြီး ပင်လယ်ရပ်ခြား၌ တရုတ်ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားများ ဖန်တီးနေခြင်း ဖြစ်ကြောင်း၊ သို့သော် နောက်ဆုံးတွင် ဗြိတိန်က ကိုယ့်အတတ် ကိုယ်စူးသာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း သုံးသပ်ထောက်ပြခဲ့ကြပါသည်။

  ဗြိတိန် Financial Times မှ သတင်းအရ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီမှ ဝန်ထမ်းတွေက သူတို့ကုမ္ပဏီသည် ဗြိတိန် National Grid နှင့် ဆိုက်ဘာကွန်ရက် လုံခြုံရေး အကြောင်းကို ဆွေးနွေးခဲ့ဖူးကြောင်း၊ သို့သော် မည်သည့် ပြဿနာမျှ မတွေ့ရှိခဲ့ကြောင်း၊ အင်ဂျင်နီယာများသည်လည်း တိုင်းတာစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး အန္တရာယ် ဖြစ်နိုင်ဖွယ်ရာ တွေ့ရှိခြင်းလည်း မရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ဗြိတိန် National Grid သည် အကြောင်းရင်း ရှင်းပြချက် မရှိဘဲ မိမိတို့ကုမ္ပဏီမှ ဝန်ထမ်းများကို assembly အစိတ်အပိုင်း တပ်ဆင်သည့် စက်ရုံသို့ ဝင်ခွင့် မပြုတော့ကြောင်း ပြောဆိုခဲ့သည်။

   ကျွမ်းကျင်ပညာရှင်များက ဗြိတိန်၏ လုပ်ရပ်သည် မယုံသင်္ကာစိတ် ပြင်းပြလွန်းသည့် အပြင် နိုင်ငံရေး ရည်ရွယ်ချက် နှစ်ခုလည်း ရှိကြောင်း၊ တစ်ဖက်မှာ အမေရိကန်ကိုလိုက်ပြီး တရုတ်သိပ္ပံနည်းပညာ ကုမ္ပဏီများအား အားဖြည့် ဖိအားပေးကာ အမေရိကန်နှင့် အထူးမဟာမိတ်ဆက်ဆံမှုကို ပေါ်လွင်စေရန် ဖြစ်ပြီး တစ်ခြားတစ်ဖက်မှာလည်း လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သဖြင့် အာဏာရပါတီက တရုတ်နိုင်ငံအပေါ် တင်းမာသောသဘောထား ဖော်ပြခြင်းဖြင့် ပိုမိုများပြားသောမဲ ရရှိနိုင်ရန် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

   ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှု ဆိုသည်မှာ တရုတ်ကုမ္ပဏီများ မဟုတ်ဘဲ အများပြည်သူ၏ အကျိုးစီးပွားကို အရေးမစိုက်ဘဲ နိုင်ငံရေး ကြိုးကိုင်ဆောင်ရွက်မှု ပြုလုပ်သည့် နိုင်ငံရေးသမားများပင် ဖြစ်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။