ရှီကျင့်ဖိန်နှင့် နီကာရာဂွါနိုင်ငံ သမ္မတ Ortega တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-12-20 14:06:54  

ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီကာရာဂွါနိုင်ငံ သမ္မတ Ortega တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်နှင့် နီကာရာဂွါ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တရားဝင် ထားရှိကြောင်း ကြေညာခဲ့ပါသည်။

   ရှီကျင့်ဖိန်က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နှစ်နှစ်အတွင်း နှစ်ဖက်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှု ထိုးဖောက်တိုးတက်မှု ရရှိလာအောင် တွန်းအား ပေးပြီး တစ်ဖက်သား၏ အဓိက အကျိုးစီးပွားနှင့် အရေးကြီးရေးရာများတွင် ပြတ်ပြတ်သားသား အပြန်အလှန် ထောက်ခံပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ တိုးမြင့်လာကာ အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ မိမိသည် သမ္မတ Ortega နှင့်အတူ တရုတ်နှင့် နီကာရာဂွါ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခြင်းကို စမှတ်သစ်အဖြစ် ထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုတွင် အောင်မြင်မှုများ အဆက်မပြတ် ရရှိရန် တွန်းအားပေး၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး၏ စံနမူနာ ဖြစ်လာစေရန် တွန်းအားပေး ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Ortega က နီကာရာဂွါနှင့် တရုတ် နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် ပြန်လည် ထားရှိခဲ့သည့် နှစ်နှစ်ပြည့်မြောက်သည့်အခါသမယတွင် မိမိသည် ဂုဏ်ယူစွာဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခြင်းကို ကြေညာပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံ သမိုင်းတွင် အရေးကြီးသော မှတ်တိုင် တစ်ခု ဖြစ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   တယ်လီဖုန်းဖြင့် ဆက်သွယ် ပြီးနောက် နှစ်ဖက်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။