တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရေး ပူးတွဲ ကြေညာချက် ထုတ်ပြန်

(GMT+08:00)2023-12-20 14:07:35  

   ယခုလ ၂၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နှစ်နှစ်ပြည့်မြောက်သည့် အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီကာရာဂွါနိုင်ငံ သမ္မတ Ortega တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းကို တန်ဖိုးထား ချီးကျူးကြ၍ နှစ်ဖက်စလုံး အလေးထားကြသော ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

   နှစ်နိုင်ငံခေါင်းဆောင်တို့သည် သံတမန်ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နှစ်နှစ်အတွင်း နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၊ နယ်ပယ်အသီးသီး၌ လက်တွေ့ကျသော စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေး စသည့်နယ်ပယ်များ၌ အပြုသဘောဆောင်သော တိုးတက်မှုများကို အသိအမှတ်ပြုခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် အခြေအနေသစ်တွင် နှစ်ဖက် ဆက်ဆံမှု၏ မဟာဗျူဟာမြောက် ဖြစ်ခြင်းသည် အဆက်မပြတ် တိုးမြင့်လာသည်ဟု ယူဆကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။