ရှီကျင့်ဖိန်သည် ရုရှား ဝန်ကြီးချုပ် မီရှူစကင်နှင့် တွေ့ဆုံ

(GMT+08:00)2023-12-20 14:08:47  

  ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ရုရှား ဝန်ကြီးချုပ် မီရှူစကင်နှင့် တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်အတွင်း မိမိသည် သမ္မတ ပူတင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရ၊ ဥပဒေပြုရေးဌာန၊ ပါတီနှင့် ဒေသခံဌာနများသည် နီးကပ်စွာ ကူးလူးဆက်ဆံကာ နယ်ပယ်အသီးသီး၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပုံမှန် တည်ငြိမ်စွာ တိုးတက်လာကြောင်း၊ ယခုနှစ် ပထမ ၁၁ လအတွင်း နှစ်ဖက် ကုန်သွယ်မှုသည် မိမိနှင့် သမ္မတ ပူတင်တို့ ပူးတွဲ ချမှတ်ခဲ့သော တစ်နှစ်တာ ကုန်သွယ်မှု ပမာဏာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ရရှိရန် ရည်မှန်းချက်ကို လျာထားချိန်ထက်စောပြီး ဖော်ဆောင် နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်ခံ့ အားကောင်းခြင်းနှင့် ရှေ့အလားအလာ ကောင်းမွန်ခြင်းတို့ကို ပြသ နေကြောင်း၊ တရုတ်နှင့် ရုရှား ဆက်ဆံမှု ကောင်းမွန်စွာ ထိန်းသိမ်းခြင်းနှင့် တိုးတက်ခြင်းတို့သည် နှစ်ဖက်တို့က နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားအပေါ် မူတည်ထားသော မဟာဗျူဟာမြောက် ရွေးချယ်ချက် ဖြစ်ကြောင်း၊ ရုရှားပြည်သူများက မိမိကိုယ်တိုင် ရွေးချယ်ထားသော ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်တူ လာမည့်နှစ် တရုတ်နှင့် ရုရှား သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ်ပြည့်မြောက်ခြင်းကို စမှတ်သစ် အဖြစ် ထားပြီး နှစ်နိုင်ငံအကြား အရည်အချင်းမြင့် နိုင်ငံရေး ဆက်ဆံမှု၏ အပြုသဘောဆောင်သော အကျိုးဖြစ်ထွန်းမှုများကို အဆက်မပြတ် တိုးချဲ့ပြီး ကိုယ့်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ တွန်းအားပေးရေးနှင့် အမျိုးသားရှင်သန်ရေး ဖော်ဆောင်ခြင်း ဖြစ်စဉ်၌ ဆက်လက် လက်တွဲ ချီတက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

   မီရှူစကင်က ယခုနှစ်အတွင်း သမ္မတ ပူတင်နှင့် အဆွေတော် သမ္မတ ရှီကျင့်ဖိန်တို့သည် နှစ်ကြိမ် အောင်မြင်စွာ တွေ့ဆုံခဲ့ခြင်းသည် ရုရှားနှင့် တရုတ် နှစ်နိုင်ငံတို့၏ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းလာအောင် ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ ခိုင်မာသောဆန္ဒကို ပြသထားကြောင်း၊ ရုရှား အနေနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီး သဘောတူညီမှုများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်လိုပါကြောင်း၊ လာမည့်နှစ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုသစ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။