ရှီကျင့်ဖိန်သည် ကန်စုငလျင်လှုပ်ခတ်မှုအပေါ် အရေးကြီးသော ညွှန်ကြားချက်များ ထုတ်ပြန်

(GMT+08:00)2023-12-19 15:08:55  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ငလျင်လှုပ်ခတ်ပြီးနောက် အလွန်အလေးထားပြီး အရေးကြီးသော ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင် ကန်းစုပြည်နယ် လင်းရှပြည်နယ်ခွဲ ကြီးရှီစန်းခရိုင်မှာ ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြင်းထန်သော လူသေကျေဒဏ်ရာရရှိမှုများ ဖြစ်စေခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးများကို အစွမ်းကုန်ပြုလုပ်ရန်၊ ဒဏ်ရာရသူများကို အချိန်မီ ဆေးကုသရန်နှင့် လူသေကျေဒဏ်ရာရရှိမှုများကို တတ်နိုင်သမျှ လျှော့ချရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဘေးသင့်ဒေသသည် ကုန်းပြင်မြင့်ဒေသတွင် တည်ရှိပြီး ရာသီဥတုအလွန်အေးနေသောကြောင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ မဖြစ်စေရန် ငလျင်အခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို အမြန်ဆုံးစုစည်းခွဲဝေချထားပေးပြီး လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အပူပေးစနစ် အပါအဝင် ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို ပြုပြင်၍ ဘေးသင့်သူများကို ပြန်လည်နေရာချထားပြီး ပြည်သူများ၏ အခြေခံနေထိုင်မှုဘဝ အာမခံပေးကာ ကျန်ရစ်သူမိသားစုများကို နှစ်သိမ့်ပေးခြင်းစသည့်လုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ပေးရမည် ဖြစ်ကြောင်း၊ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို လမ်းညွှန်ပေးရန် နိုင်ငံတော်ကောင်စီမှ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဘေးသင့်ဒေသသို့ စေလွှတ်မည် ဖြစ်ကြောင်း၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အရေးပေါ်ကယ်ဆယ်ရေးကိုဆောင်ရွက်ရန် ဒေသဆိုင်ရာအစိုးရများနှင့် တက်ကြွစွာ ပူးပေါင်းပြီး ပြည်သူများ၏ အသက်နှင့် စည်းစိမ်ဥစ္စာများကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။