တရုတ်-ဗီယက်နမ်ဆက်ဆံရေး အနေအထားသစ်သည် ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီ

(GMT+08:00)2023-12-15 15:05:35  

ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၁၃ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ယခုအကြိမ်ခရီးစဉ်တွင် အရေးအကြီးဆုံးသော နိုင်ငံရေး ရလဒ်သည် နှစ်ဦးနှစ်ဘက်တို့မှ မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ကြေညာကြပြီး တရုတ်-ဗီယက်နမ်နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါသည်။ ဗီယက်နမ် သတင်းအေဂျင်စီက အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ၏ ယခုအကြိမ် ဗီယက်နမ် ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်မှတ်တိုင်သစ်တစ်ခု ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒနှင့် သန္နိဋ္ဌာန်ကို ဖော်ပြနိုင် ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
    ဗီယက်နမ်ခရီးစဉ်အတွင်းတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန် အပါအဝင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ဗီယက်နမ်နှစ်နိုင်ငံမှ လူငယ်နှင့် ချစ်ကြည်ရေးပုဂ္ဂိုလ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
    ကွန်မြူနစ်ပါတီမှ ဦးဆောင်သော ဆိုရှယ်လစ်ဝါဒနိုင်ငံများဖြစ်ကြသော တရုတ်-ဗီယက်နမ် နှစ်နိုင်ငံတို့သည် နိုင်ငံရေးစနစ်တူညီပြီး ယုံကြည်ချက်နှင့် ခံယူချက်တူညီကာ ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းတူညီကြပါသည်။ ၁၉၉၉ခုနှစ်က နှစ်ပါတီထိပ်သီးခေါင်းဆောင် များသည် ခေတ်သစ်တွင် နှစ်နိုင်ငံမှ ရေရှည်တည်ငြိမ်ပြီး အနာဂတ်ကို မျက်နှာမူကာ အိမ်နီးချင်းနိုင်ငံများ ခင်မင်ရင်းနှီး၍ ဘက်စုံပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးမူဘောင် ကို ချမှတ်ခဲ့ကြပါသည်။ ၂၀၀၈ခုနှစ်က တရုတ်-ဗီယက်နမ်နှစ်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေးကို ထားရှိခဲ့ပါသည်။ ယခုအကြိမ် နှစ်ဦးနှစ်ဘက်တို့သည် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ကြေညာကြပါသည်။
    တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းသည် တရုတ်-ဗီယက်နမ်နှစ်နိုင်ငံ အကြား ၁၅နှစ်ကြာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံရေး၏ ဆက်လက်မြှင့်တင်ခြင်း ဖြစ်ပြီး နှစ်ဦးနှစ်ဘက်တို့အကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ပိုမိုမြင့်မားလာခြင်း၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက် လာခြင်း၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာခြင်း၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မာလာခြင်း၊ ဘက်ပေါင်းစုံညှိနှိုင်းဆောင်ရွက်မှု ပိုမိုရင်းနှီးလာခြင်း၊ သဘော ကွဲလွှဲမှုများထိန်းချုပ်မှု ပိုမိုကောင်းမွန်လာခြင်းတို့ကို ပြဆိုနိုင်ပါသည်။
    နိုင်ငံအချင်းချင်း ဆက်ဆံရေးသည် ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးမှု အခြေခံပေါ်တွင် တည်ရှိပါသည်။ ယခုအကြိမ်ဗီယက်နမ်ခရီးစဉ်တွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် သည် နှစ်နိုင်ငံမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ အထူးသဖြင့် လူငယ်များအား တရုတ်- ဗီယက်နမ်ချစ်ကြည်ရေး၏ လက်ဆင့်ကမ်းသူ၊ အာရှ-ပစိဖိတ်ဒေသ တိုးတက်ဖွံ့ဖြိုးရေး၏ ပါဝင်သူ၊ လူသားတို့တိုးတက်မှု၏ ချဲ့ထွင်သူ ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။ နှစ်ဦးနှစ်ဘက်တို့သည် ပြည်သူများ စိတ်နှလုံးသားချင်း ချိတ်ဆက်မှုနှင့် ပတ်သက်၍ သဘောတူညီမှုများစွာရရှိခဲ့ကြပါသည်။ ၄င်းမှာ တရုတ်-ဗီယက်နမ်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးအသစ်အတွက် ပြည်သူ့ဆန္ဒအခြေခံကို ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါသည်။
    China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာပညာရှင်များ က ၄င်းအနေအထားသစ်သည် တရုတ်-ဗီယက်နမ်နှစ်ပါတီနှင့် နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး ထွန်းကားလာစေခြင်း ဖြစ်သကဲ့သို့ လွန်ခဲ့သည့် နှစ်များတွင် တရုတ်-ဗီယက်နမ်အဆင့်မြင့်ကူးလူးဆက်ဆံမှု များပြားလာခြင်း၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုရလဒ် တိုးများလာခြင်းကြောင့် မဖြစ်မနေရွေးချယ်မှုလည်း ဖြစ် ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးတူစီးပွားနှင့် တူညီသောဆန္ဒများနှင့် ကိုက်ညီ ကြောင်း၊ ၄င်းမှာ နှစ်နိုင်ငံအတွက်ရော ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အကျိုးရှိကြောင်း ပြောကြားခဲ့ကြပါသည်။
    တရုတ်-ဗီယက်နမ်နှစ်နိုင်ငံတို့မှ မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အစသစ် ဖြစ်လာမှာ ဖြစ်ပါသည်။ ၄င်းမှာ နှစ်နိုင်ငံပြည်သူများ၏ နေထိုင်မှုဘဝ ပိုမိုကောင်းမွန်လာစေ မည့့််အပြင် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာကြီးအား ပိုမိုများပြားသော အပြုသဘောဆောင် သည့် အင်အားကိုလည်း ထည့်သွင်းပေးမည် ဖြစ်ပါသည်။