တရုတ်နိုင်ငံသမ္မတ၏ အထူးသံတမန် ဝူဝေဟွာ သည် အာဂျင်တီးနားနိုင်ငံသမ္မတ Javier Milei ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2023-12-12 12:26:49  

အာဂျင်တီးနားအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးသံတမန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝူဝေဟွာ သည် ဒီဇင်ဘာလ ၁၀ရက်နေ့က ဗျူနိုအေရီးစ်မြို့တွင် အာဂျင်တီးနားနိုင်ငံ သမ္မတ Javier Milei ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဒီဇင်ဘာလ ၁၁ရက်နေ့က သမ္မတ Javier Milei သည် သမ္မတရုံးတွင် ဝူဝေဟွာ နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝူဝေဟွာ သည် သမ္မတ ရှီကျင့်ဖိန် ၏ နွေးထွေးစွာ ဂုဏ်ပြုခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်းကို သမ္မတ Javier Milei အား တစ်ဆင့်ပြောပြပါသည်။ ဝူဝေဟွာ က တရုတ်-အာဂျင်တီးနား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထားရှိသည့် အနှစ်၅၀ကျော် အတွင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်ကို ထိန်းထားလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်များသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာအလေးထားပြီး အာဂျင်တီးနားအစိုးရနှင့်အတူ တစ်ဦးကိုတစ်ဦးကလေးစားခြင်း၊ တန်းတူရည်တူဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးရရှိစေခြင်းတို့ကို စွဲကိုင်ထားပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက်ရန် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    Javier Milei က မိမိ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အထူးသံတမန်ကို စေလွှတ်ခြင်းအတွက် ကျေးဇူး တင်ရှိပြီး သမ္မတ ရှီကျင့်ဖိန် အား နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်းကို တစ်ဆင့်ပြောပြရန် ဝူဝေဟွာ အား တောင်းဆိုခဲ့ပါသည်။ Javier Milei က အာဂျင်တီးနား အစိုးရသစ်အနေဖြင့် အာဂျင်တီးနား-တရုတ်ဆက်ဆံရေးကို လွန်စွာ အရေးထားပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဆက်လက် ပြတ်ပြတ်သားသား စွဲကိုင် ထားမည် ဖြစ်ကြောင်း၊ အာဂျင်တီးနား-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေးသည် အပြန်အလှန်ဖြည့်စွက်ပေးနိုင်ကြောင်း၊ အာဂျင်တီးနားနိုင်ငံအနေဖြင့် နှစ်နိုင်ငံစီးပွား ကုန်သွယ်ရေးနှင့် လူမှုယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တက် မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။