တရုတ်-ဖိလစ်ပိုင် ပင်လယ်ရေးရာအငြင်းပွားမှုတွင် အမေရိကန်က ကြားဝင်စွက်ဖက်ခွင့် မရှိဟု မော်နင် ဆို

(GMT+08:00)2023-12-12 11:51:54  

ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ အမေရိကန်မှ တရုတ်အား တောင်ပင်လယ်တွင် အန္တရာယ်ရှိပြီး တည်ငြိမ်မှု ဖျက်ဆီးသည့် လုပ်ရပ်ကို ရပ်တန့်ရန် တောင်းဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နှင့်ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပင်လယ်ရေးရာ အငြင်းပွားမှုသည် တရုတ်နှင့်ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ရေးရာပင်ဖြစ်ပြီး မည်သည့် တတိယဘက်မဆို ကြားဝင်စွက်ဖက်ခွင့် မရှိကြောင်း၊ လွန်ခဲ့သည့်ရက်များအတွင်း အမေရိကန်သည် ၎င်း၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားများကို အကောင်အထည်ဖော်ရန်အတွက် တောင်ပင်လယ်တွင် ဖိလစ်ပိုင်၏ အခွင့်အရေးကျူးကျော်ထိပါးမှုနှင့် ရန်စမှုများကို အားပေး ထောက်ခံ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် အမှားအမှန်ကို ရှုပ်ထွေးစေပြီး ငြင်းခုံမှုများကို ချဲ့ထွင်ကာ ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ပေးသည့်အတွက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားပြီး မိမိ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောကြားသည်။