ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ဟနွိုင်းမြို့သို့ ရောက်ရှိ

(GMT+08:00)2023-12-12 16:09:47  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန်နှင့် ဗီယက်နမ် နိုင်ငံ သမ္မတ ဗိုဗန်ထန်းတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဟနွိုင်းမြို့သို့ ရောက်ရှိခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက်  စာလွှာဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရ၊ တရုတ်ပြည်သူများ ကိုယ်စား ညီအစ်ကိုလို ခင်မင်ရင်းနှီးသော ဗီယက်နမ် ကွန်မြူနစ်ပါတီ၊ ဗီယက်နမ် အစိုးရနှင့် ဗီယက်နမ် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သကြောင်းနှင့် ဆုမွန်ကောင်း တောင်းကြောင်း ဖော်ပြခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး ချစ်ကြည်ရေး အစဉ်အလာ သမိုင်း ကြာမြင့်ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် တည်ထောင် ထားသည့် တရုတ်နှင့် ဗီယက်နမ် ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံရတနာပင် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် ဗီယက်နမ် ခေါင်းဆောင်များနှင့်အတူ ပါတီ နှစ်ခုနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး၏ ကဏ္ဍစုံ၊ မဟာဗျူဟာမြောက် ဖြစ်ခြင်းနှင့် ဦးတည်ချက်ရေးရာများနှင့် အခြားအတူတကွ အလေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာများနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကြပြီး နှစ်ဖက် ဆက်ဆံမှု ကဏ္ဍသစ်သို့ ဝင်ရောက်ဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်းဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။