တရုတ်-ဗီယက်နမ် ဆက်သွယ်ခြင်း သတင်းအစီအစဉ်ကို စတင်ထုတ်လွှင့်

(GMT+08:00)2023-12-11 17:14:47  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဗီယက်နမ်နိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ် ခါနီးတွင် တရုတ်-ဗီယက်နမ် မီဒီယာများအကြား အသစ်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ရေး စတင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၁ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကော်မတီဝင်၊ ဗီယက်နမ်အသံ(VOV) ဥ က္ကဋ္ဌ Tien Sy Do သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့ပါသည်။ အခမ်းအနားသို့ VOV ဒုတိယဥက္ကဋ္ဌ Minh Hien Ngo ၊ ဗီယက်နမ် ဒီဂျစ်တယ် ရုပ်မြင်သံကြားဌာန ဥက္ကဋ္ဌ Duc Thanh Tran ၊ China Media Group CGTN အမြဲတမ်းဒုတိယအယ်ဒီတာချုပ်၊ အာရှနှင့် အာဖရိကရေးရာ မီဒီယာစင်တာ ညွှန်ကြားရေးမှူးချုပ် An Xiaoyu တို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် China Media Group နှင့် ဗီယက်နမ် ဒီဂျစ်တယ် ရုပ်မြင်သံကြားဌာန တို့ ပူးတွဲရိုက်ကူးထားသည့် တရုတ်-ဗီယက်နမ် ဆက်သွယ်ခြင်းဟူသော နေ့စဉ်ထုတ် သတင်းအစီအစဉ်ကို တရားဝင်စတင်ထုတ်လွှင့်ခဲ့ပါသည်။ ၄င်းသည် ဗီယက်နမ်နိုင်ငံတော် အဆင့် ရုပ်မြင်သံကြားဌာနမှ နိုင်ငံခြားမီဒီယာပါဝင်ရိုက်ကူးထားသော သတင်းအစီအစဉ် ကို ပထမဆုံးအကြိမ် ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။

တရုတ်-ဗီယက်နမ် ဆက်သွယ်ခြင်း သတင်းအစီအစဉ်ကို တနင်္လာနေ့ညမှ စနေနေ့ည အထိ ဗီယက်နမ် ဒီဂျစ်တယ် ရုပ်မြင်သံကြားဌာန ချန်နယ် ၁၀ တွင် ထုတ်လွှင့်ပြသမည် ဖြစ်ပြီး တရုတ်သတင်းများနှင့် တရုတ်-ဗီယက်နမ် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး သတင်းအချက်အလက်များကို အဓိကထားကာ ဗီယက်နမ်ပရိသတ်များအား တရုတ်နိုင်ငံ အကြောင်းကို သိရှိနားလည်မှု တိုးပွားရန်၊ နှစ်နိုင်ငံပြည်သူများအကြား နှလုံးသားချင်း ချိတ်ဆက်မှုကို မြှင့်တင်ရန် ဖြစ်သည်ဟု သတင်းအရ သိရပါသည်။