တရုတ်နှင့် ဥရောပ ဆက်ဆံမှု တိုးမြှင့်လိုပါက ဥရောပသည် တရုတ်ပြည်အပေါ် နားလည်ရန် ပြင်ဆင်သင့်

(GMT+08:00)2023-12-08 14:48:26  

ဒီဇင်ဘာလ ၇ ရက်နေ့က ၂၄ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ဘေကျင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဥရောပ ကောင်စီ ဥက္ကဋ္ဌ  Charles Michel နှင့် ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ Ursula Von der Leyen တို့နှင့် တွေ့ဆုံရာတွင် တရုတ်နှင့် ဥရောပ ဘက်နှစ်ဖက် အနေနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို စွဲကိုင်ရမည် ဖြစ်ပြီး မှန်ကန်သော နားလည်မှုများကို ထားရှိရမည် ဖြစ်၍ နှစ်ဖက် ဆက်ဆံမှု တိုးတက်လာအောင် တစိုက်မတ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပဘက်မှ ခေါင်းဆောင်တို့က တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှု ဖြတ်တောက်ရန် ဆန္ဒ မရှိကြောင်း၊ တရုတ်ပြည် စီးပွားရေး ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဥရောပ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ဖော်ပြခဲ့ကြပါသည်။ အကဲခတ်သူများက မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကြီးကို ရင်ဆိုင်လျက် တရုတ်နှင့် ဥရောပတို့သည် စိန်ခေါ်မှုများကို တိုင်ပင်ဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းရန် အပြုသဘောဆောင်သည့် အချက် ပြလိုက်ပြီး ယင်းကို ကြိုဆိုသင့်ကြောင်း  သုံးသပ်ကြပါသည်။

တစ်ဖက်သားကို မှန်ကန်စွာ နားလည်ခြင်းသည် တရုတ်နှင့် ဥရောပ ပူးပေါင်းဆောင်ရွက်မှု၏ ကြိုတင်သတ်မှတ်ချက် ဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂဆိုင်ရာ စာတမ်း သုံးရပ်ကို ထုတ်ပြန်ခဲ့ပြီး ဥရောပသမဂ္ဂ တစ်ပြေးညီ ဖြစ်စဉ်ကို ပြတ်ပြတ်သားသား ထောက်ခံ၍ ဥရောပဆိုင်ရာ မူဝါဒ၏ တည်ငြိမ်ခြင်းနှင့် တစ်ဆက်တည်း ဖြစ်ခြင်းကို ထိန်းသိမ်းထားခဲ့ပါသည်။ နှိုင်းယှဉ်ကြည့်လျှင် ဥရောပသမဂ္ဂ၏ တရုတ်ပြည်အပေါ် မူဝါဒတွင်မူ မတည်မငြိမ်မှုများ မကြာခဏ ပေါ် ထွက်ခဲ့သည်။ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံကို“ မိတ်ဖက် ”၊ “ယှဉ်ပြိုင်သူ ”၊ “စနစ်ဆိုင်ရာ ပြိုင်ဘက်” စသဖြင့် သတ်မှတ်ခဲ့ဖူးပြီး လူအချို့က တရုတ်ပြည်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် “အန္တရာယ်များ ဖျက်ခြင်း” ဝါဒကိုလည်းဖြန့်ခဲ့ဖူးသည်။

တရုတ်နှင့် ဥရောပတို့သည် တစ်ဖက်သားကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် သဘောထားပါက နှစ်ဖက်ဆက်ဆံမှုသည် ရှေ့သို့ချီတက်နိုင်မည် ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နှင့် ဥရောပ ကူးလူးဆက်ဆံရေးဆိုင်ရာ အတွေ့အကြုံများက ပြသထားပါသည်။ လာမည့် နှစ် ၂၀ အတွင်း တရုတ်နှင့် ဥရောပတို့သည် တစ်ဖက်သားအပေါ် မှန်ကန်သော နားလည်မှုများကို စွဲကိုင်ပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးနှင့် ဥရောပ တစ်ပြေးညီ ဖြစ်ရေး တွန်းအားပေးသည့်ဖြစ်စဉ်၌ တရုတ်နှင့် ဥရောပဆက်ဆံမှုကို တိုးမြှင့်သွားရန် မျှော်လင့်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။