ရာစုနှစ်အပြောင်းအလဲများကြားမှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်အသစ်များကို ကမ္ဘာကြီးက မျှော်လင့်နေကြတယ်လို့ နိုင်ငံအများအပြားမှ ကျွမ်းကျင်ပညာရှင်များက ပြောကြား

(GMT+08:00)2023-12-03 18:22:18  

ဒီဇင်ဘာလ ၂ ရက်နေ့က ၂၀၂၃ ခုနှစ် “တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိခြင်း” နိုင်ငံတကာအစည်းအဝေးကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့မှာ တရားဝင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို နိုင်ငံနဲ့ဒေသ ၃၀ ကျော်မှ ဧည့်သည်တော် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံရဲ့ ပိုမိုအဆင့်မြင့်စွာ တံခါးဖွင့်လှစ်မှုနဲ့ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး၊ "Belt and Road" အရည်အသွေးမြင့်စွာ အတူတည်ဆောက်ရေး၊ ဉာဏ်ရည်တုနဲ့ လူသားတို့အနာဂတ် စတဲ့ အရေးပါအကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ စနစ်အားသာချက်တွေကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်းဟာ တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိနိုင်ရန်အတွက် အဓိကကျကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီမှုဟာ လုံးဝသစ်လွင်တဲ့ ယဉ်ကျေးမှုပုံစံသစ်တစ်မျိုး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအတွက် တက်ကြွတဲ့အခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးကြောင်း၊ ကမ္ဘာကြီးရဲ့ ရာစုနှစ်အပြောင်းအလဲများကြားမှာ တရုတ်နိုင်ငံမှ လုပ်ဆောင်ချက်အသစ်များ ပိုမိုလုပ်ဆောင်လာရန် မျှော်လင့်ကြောင်း ၎င်းတို့က China Media Group ရဲ့ သီးသန့်အင်တာဗျူးကို ဖြေကြားစဉ်မှာ ပြောကြားခဲ့ပါတယ်။
ရာစုနှစ်အပြောင်းအလဲများကြားမှာ တရုတ်နိုင်ငံရဲ့ စနစ်အားသာချက်တွေကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်းဟာ တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိနိုင်ရန်အတွက် အဓိကကျ
“တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိခြင်း” နိုင်ငံတကာအစည်းအဝေးကို ၇ ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ယခုအကြိမ်အစည်းအဝေးရဲ့ဆောင်ပုဒ်မှာ “ရာစုနှစ်အပြောင်းအလဲများကြားမှ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်အသစ်များ - အကျိုးစီးပွားများ ပေါင်းစည်းမှုကို တိုးမြှင့်ပြီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်း” ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အဆိုပြုထားတဲ့ အများပြည်သူများအတွက် အထောက်အကူပြုစေမယ့် Public goods နဲ့ အစီအမံများက ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလျက်ရှိ
တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်မှုကို အစည်းအဝေးတက်ရောက်လာသူများက အပြုသဘောဆောင်တဲ့သဘောထားများ ထားရှိပါတယ်။ တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုထားတဲ့၊ ကမ္ဘာကြီးအတွက်အရေးပါပြီး အများပြည်သူများအတွက် အထောက်အကူပြုစေမယ့် Public goods ဖြစ်တဲ့ "Belt and Road" နဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးသုံးရပ်ကို ၎င်းတို့က အကြိမ်ကြိမ် ထုတ်ဖော်ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများကို အကျိုးပြုနေတဲ့ တရုတ်နိုင်ငံရဲ့ ၄၅ နှစ်ကြာ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု
တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အခွင့်အလမ်းဖြစ်တယ်လို့ ပုဂ္ဂိုလ်အချို့က ရှုမြင်ကြပါတယ်။ တရုတ်နိုင်ငံ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းက ကမ္ဘာ့စီးပွားရေးအတွက် တက်ကြွတဲ့အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးလာတာကို ခံစားမိတယ်လို့ Shiseido ရဲ့ တရုတ်နိုင်ငံဆိုင်ရာ စီအီးအို Toshinobu Umetsu က သီးသန့်အင်တာဗျူး လက်ခံဖြေကြားစဉ်မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကြီးမားတဲ့စိုးရိမ်ပူပန်မှုများကို တရုတ်နဲ့ အမေရိကန် အတူလက်တွဲရင်ဆိုင်ဖြေရှင်းခြင်းဖြင့် လူသားအားလုံးကို အကျိုးပြုနိုင်
ရာစုနှစ်အပြောင်းအလဲတွေ အရှိန်မြင့်လာတာနဲ့အမျှ နိုင်ငံကြီးများအကြားဆက်ဆံရေးဟာလည်း လူအများကို စိတ်လှုပ်ရှားစေပါတယ်။ တရုတ်နိုင်ငံက နိုင်ငံအသီးသီးနဲ့ အကျိုးစီးပွားများ ပေါင်းစည်းမှုကို တိုးမြှင့်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းနေတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး Xi Jinping က ၂၀၂၃ ခုနှစ် “တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိခြင်း” နိုင်ငံတကာအစည်းအဝေးကို ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပြောကြားခဲ့ကြောင်း၊ ယင်းအတွက် အလွန်စိတ်လှုပ်ရှားမိကြောင်း ဟောင်ကောင်တက္ကသိုလ် ယနေ့ခေတ် တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးအကြောင်း လေ့လာရေးစင်တာမှ ပါမောက္ခ Li Cheng က ပြောကြားပါတယ်။