ရှီကျင့်ဖိန်သည် ရဲတပ်ဖွဲ့ ပင်လယ်ရဲတပ်ဖွဲ့ချုပ်၏ အရှေ့ပင်လယ်ဒေသ စစ်ဦးစီးဌာနသို့ လေ့လာကြည့်ရှုရာတွင် ပင်လယ်ရဲတပ်ဖွဲ့ အင်အားများ တည်ဆောက် အသုံးပြုမှုဆိုင်ရာ ထူးခြားချက် ဝိသေသ ဥပဒေသများကို ကျွမ်းကျင်စွာ အသုံးချကာ ပင်လယ်ဒေသများ၌ အခွင့်အရေး ထိန်းသိမ်းရေးနှင့် ဥပဒေ စိုးမိုးရေး စွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြား

(GMT+08:00)2023-12-02 12:04:21  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၉ ရက်နေ့က ရဲတပ်ဖွဲ့ ပင်လယ်ရဲတပ်ဖွဲ့ချုပ်၏ အရှေ့ပင်လယ်ဒေသ စစ်ဦးစီးဌာနသို့ လေ့လာကြည့်ရှုခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို လေးနက်စွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပြီး ပင်လယ်ရဲတပ်ဖွဲ့ အင်အားများ တည်ဆောက် အသုံးပြုမှုဆိုင်ရာ ထူးခြားချက် ဝိသေသ ဥပဒေများကို ကျွမ်းကျင်စွာ အသုံးချကာ ပင်လယ်ဒေသများ၌ အခွင့်အရေး ထိန်းသိမ်းရေးနှင့် ဥပဒေ စိုးမိုးရေး စွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က အခွင့်အရေးနှင့် ဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်ပြီး တရုတ် ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ပင်လယ်ပြင် ဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ပိုမို ပြည့်စုံအောင် တည်ဆောက်ပြီး ဥပဒေနှင့်အညီ ပင်လယ်ပြင် ပြစ်မှုကျူးလွန်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ရမည် ဖြစ်၍ တရုတ်နိုင်ငံ၏ ပင်လယ် စီးပွားရေး ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ပင်လယ်ပြင် ဥပဒေ စိုးမိုးရေးဆိုင်ရာ နိုင်ငံခြားနှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျ ဆောင်ရွက်ရမည် ဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ပင်လယ်ရေးရာ စီမံခန့်ခွဲရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။