တင်ရွှေရှန်သည် နိုင်ငံတကာ ရာသီဥတု ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2023-12-02 21:00:20  

  နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်ရွှေရှန်သည် ဒူဘိုင်း၌ နိုင်ငံတကာ ရာသီဥတု ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   အစည်းအဝေးတွင် တင်ရွှေရှန်က လွန်ခဲ့သည့် ၈ နှစ်တုန်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များနှင့်အတူ အကြီးဆုံး နိုင်ငံရေး သန္နိဋ္ဌာန်နှင့် ဉာဏ်ပညာဖြင့် ပါရီသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ပြီး ရာသီဥတု ပြောင်းလဲမှုကို အတူရင်ဆိုင်ဖြေရှင်းရေး ခရီးစဉ်သစ်ကို စတင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကတိပြုချက်ကို အစဉ်တစိုက် လိုက်နာ ဖော်ဆောင်ပြီး နိုင်ငံတကာ ရာသီဥတု စီမံခန့်ခွဲရေး အတွက် အရေးကြီးသည့် အကျိုးပြုစွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

  တင်ရွှေရှန်က ရာသီဥတု ပြောင်းလဲမှု စိန်ခေါ်မှုများကို ရင်ဆိုင်လျက် လူသားများ၏ ကံကြမ္မာသည် အေးအတူပူအမျှ ဖြစ်ပြီး ဘက်အသီးသီးတို့သည် လက်တွဲ ရင်ဆိုင် ဖြေရှင်းရန် သန္နိဋ္ဌာန်နှင့် စွမ်းဆောင်ရည်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ဝါဒကို ဖော်ဆောင်ပြီး ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် သဘောတူစာချုပ်နှင့် ပါရီ သဘောတူစာချုပ်မှ ချမှတ်သော ရည်မှန်းချက်နှင့်မူများကို စွဲကိုင်ကာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ အပြန်အလှန် အကျိုးရှိစေရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  အစည်းအဝေး အတောအတွင်း တင်ရွှေရှန်သည် အာရပ်စော်ဘွားများနိုင်ငံ သမ္မတ၊ ဇန်ဘီယာနိုင်ငံ သမ္မတ၊ ကျူးဘားနိုင်ငံ သမ္မတ၊ မော်လဒိုက်နိုင်ငံ သမ္မတ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အသီးသီး တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံတကာ စီမံခန့်ခွဲမှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။