ဗြိတိန် အနေနှင့် လုယက်ခဲ့သည့် ကမ္ဘာ့ဒေသအသီးသီးမှ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို ပြန်ပေးရန် ကမ္ဘာတစ်ဝှမ်းမှ စစ်တမ်းဖြေသူ 90% တိုက်တွန်း

(GMT+08:00)2023-12-02 20:44:45  

   ဗြိန်တိန်နှင့် ဂရိနိုင်ငံအကြား လုယက်မှု ခံခဲ့ရသည့် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ပြန်ပေးရေးနှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ပွားနေပါသည်။ ကမ္ဘာကျော် ပြတိုက်ကြီး ဖြစ်သည့် ဗြိတိန်ပြတိုက် ထဲတွင် သိုလှောင်သိမ်းဆည်း ထားသည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများသည် ကိုလိုနီ နယ်ချဲ့ရေးဖြစ်စဉ်နှင့် စစ်ပွဲများတွင် လုယက်လာခဲ့ခြင်း ဖြစ်သည်။ China Media Group ၏ CGTN မှ ကမ္ဘာတစ်ဝှမ်းမှ အင်တာနက်သုံးသူများတွင် ပြုလုပ်သည့် စစ်တမ်းကောက်ယူမှု ရလဒ် အရ စစ်တမ်းဖြေသူ 80.8% သည် ဗြိတိန်ပြတိုက်က ယင်းလုယက်ခဲ့သည့် နိုင်ငံခြား ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများကို သိုလှောင် သိမ်းဆည်းထားခြင်းသည် တရားမှန်ကန်ခြင်း လုံးဝ မရှိကြောင်း ယူဆကြပါသည်။ စစ်တမ်းဖြေဆိုသူ 90.3% သည် ကိုလိုနီ နယ်ချဲ့ခြင်းနှင့် စစ်ပွဲ ဆင်နွှဲခြင်းဖြင့် လုယက်ခဲ့သော ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို ၎င်းပစ္စည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများအား အမြန်ဆုံး ပြန်ပေးသင့်ကြောင်း ယူဆကြပါသည်။

   နှစ်ပေါင်းများစွာအတွင်း ဂရိ၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ အီဂျစ်၊ ချီလီ စသည့် နိုင်ငံများသည် ဗြိတိန် အစိုးရအား ဗြိတိန်က လုယက်သွားခဲ့သည့် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို ပြန်ပေးရန် အဆက်မပြတ် တောင်းဆိုခဲ့သည်။ သို့သော် ဗြိတိန်နိုင်ငံက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်များ၏ လုံခြုံရေးကို ကာကွယ်ရမည် ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ ပြင်းပယ်ခြင်း၏ အထောက်အထားသည် ၁၉၆၃ ခုနှစ်က ဗြိတိန်နိုင်ငံ လွှတ်တော်မှ ပြင်ဆင်ထားသည့် ဗြိတိန်ပြတိုက်ဥပဒေ ဖြစ်ပြီး ယင်း ဥပဒေတွင် သိုလှောင်သိမ်းဆည်းထားသည့် ပစ္စည်းမှန်သမျှကို ပြန်ပေးလို့မရဟု သတ်မှတ်ထားသည်။ ယင်းနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှ စစ်တမ်းဖြေသူ 91.1% သည် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဖော်ပြပြီး ဗြိတိန်အစိုးရ၏ လုပ်ရပ်သည် တရားမဝင် ဖြစ်ပြီး တရားမှန်ကန်ခြင်း လုံးဝ မရှိကြောင်း ယူဆကြပါသည်။ စစ်တမ်းဖြေသူ 92.3% သည် ဗြိတိန် အစိုးရ အနေနှင့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ ပြန်ပေးရန် တောင်းဆို ကြသည့်နိုင်ငံများ၏ အသံကို ကြားနာပြီး ဂုဏ်အသရေရှိစွာ တာဝန်ယူသည့် သဘောထားနှင့် ဆောင်ရွက်ချက်ဖြင့် နိုင်ငံတကာ မိသားစုကြီး၏ တောင်းဆိုချက် အပေါ် တုံ့ပြန် ဆောင်ရွက်ရန် တိုက်တွန်းထားကြပါသည်။

   ယခုနှစ် သြဂုတ်လတွင် ဗြိတိန်ပြတိုက်၌ သိုလှောင်သိမ်းဆည်းထားသည့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း ၂၀၀၀ ခန့် ပျောက်ဆုံးခဲ့ပြီး အချို့သော ယဉ်ကျေးမှုပစ္စည်းများ အွန်လိုင်းတွင် ရောင်းချသည်ဟု သတင်းပေါက်ကြားခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှ စစ်တမ်းဖြေသူ 88.0% သည် ဗြိတိန် ပြတိုက်၏ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို ထိန်းသိမ်းကာကွယ်မှု စွမ်းရည် အပေါ် စိုးရိမ်မကင်း ဖြစ်နေကြသည်။ စစ်တမ်းဖြေသူ 91.1% သည် အခိုးခံခဲ့ရသည့် ယင်းပစ္စည်းများအတွက် ဗြိတန်ပြတိုက်က လျော်ကြေးပေးရမည် ဖြစ်ပြီး ဥပဒေဆိုင်ရာ တာဝန်များ ယူရမည်ဖြစ်ကြောင်း ယူဆကြပါသည်။

    ရှေးဟောင်း ယဉ်ကျေးမှုသည် နိုင်ငံ တစ်နိုင်ငံနှင့် အမျိုးသားတစ်ရပ်၏ ယဉ်ကျေးမှု ဆက်ခံခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ စစ်တမ်းဖြေသူ 91.5% သည် ယဉ်ကျေးမှု ပစ္စည်းများကို မူရင်းပိုင်ဆိုင်သည့်နိုင်ငံများအား ပြန်ပေးခြင်းသည် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်ကြောင်း ဖော်ပြကြသည်။ စစ်တမ်းဖြေသူ 92.1%သည် နိုင်ငံတကာ မိသားစုကြီး အနေနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်အောက်တွင် လုယက်ခံ ယဉ်ကျေးမှုပစ္စည်းများ ပြန်ပေးရေး စည်းစနစ် ဖြစ်တည်လာအောင် တွန်းအားပေးရန် ပန်ကြားခဲ့ကြပါသည်။

   စစ်တမ်းကောက်ယူမှုကို CGTN၏ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်၊ ရုရှား အပါအဝင် ဘာသာစကား ငါးမျိုး ပလက်ဖောင်းများတွင် ပြုလုပ်ခြင်း ဖြစ်ပြီး ၂၄ နာရီအတွင်း အင်တာနက် အသုံးပြုသူပေါင်း ၁၈၁၀၃ ဦးသည် မဲပေးပြီး မှတ်ချက်များ တင်ပြခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။